မွန်-ကရင်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသမှာ တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်လာပြီးတဲ့နောက် နေရပ်ပြန်လာတဲ့ ဒေသခံအမျိုးသမီးတွေကို စစ်ကောင်စီတပ်သားတွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေ ရှိနေတယ်လို့ မွန်ဖက်ဒရယ်ကောင်စီ(MSFC) က ပြောပါတယ်။
မွန်ပြည်နယ်နဲ့ကရင်နယ်စပ် ဂျိုင်းမြစ်ဝှမ်းဒေသမှာရှိတဲ့ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်တွေက လက်နက်ကြီး ပစ်ခတ်တာ၊ စစ်သင်္ဘောတွေကနေ လက်နက်ကြီး ပစ်ခတ်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မတ်လ နောက်ဆုံးပတ်ကစပြီး ဒေသခံတွေ စစ်ရှောင်ခဲ့ရပါတယ်။
တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်ပြီးနောက် နေရပ်ပြန်လာတဲ့ ဒေသခံအမျိုးသမီးတွေကို စစ်ကောင်စီတပ်သားတွေက သူတို့ စားသောက်ဖို့ ထမင်းဟင်းနဲ့ စားသောက်ဖွယ်ရာတွေ တောင်းဆိုတာ၊ ညအချိန်မတော် အိမ်တံခါးခေါက်ပြီး လိုက်နှောင့်ယှက်တာ၊ လမ်းသွားလမ်းလာ အမျိုးသမီးငယ်တွေကို စစ်ဆေးတာကို အကြောင်းပြပြီး နှုတ်နဲ့နှောင့်ယှက်တာ၊ အမျိုးသမီးတွေကို ဖျော်ဖြေခိုင်းတာနဲ့ မုဒိမ်းကျင့်တာတွေ လုပ်နေပါတယ်။
MSFC လူသားစာနာနဲ့ ကယ်ဆယ်ရေးဌာန တာဝန်ခံ မိဆုတဂျိုက “တိုက်ပွဲတွေ ငြိမ်လို့ပြန်လာတဲ့ ဒေသခံတွေထဲက အမျိုးသမီးတွေကို သူတို့ကို ချက်ပြုတ်ပေးဖို့ ခေါ်ထားပြီး မုဒိမ်းကျင့်တာ၊ ဖျော်ဖြေခိုင်းတာတွေ လုပ်တယ်။ စစ်တပ်စစ်ဆေးရေးဂိတ်တွေကလည်း လမ်းသွားလမ်းလာ အမျိုးသမီးတွေကို စစ်ဆေးတာကို အကြောင်းပြပြီး လိင်ပိုင်းဆိုင်ရာ မလျော်မကန် ပြောဆိုဖိနှိပ်တာတွေ ရှိတယ်။ နောက်ပြီး စစ်တပ်က ဆန့်ကျင်ဘက် အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဇနီးမယားမိသားစုတွေကို မုဒိမ်းကျင့် ကျူးလွန်တာတွေ ရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပဋိပက္ခအတွင်း မုဒိမ်းကျင့်တာကို လက်နက်သဖွယ် အသုံးပြုပြီး ဆန့်ကျင်ဘက်တပ်ဖွဲ့ဝင်တွေကို စိတ်ဓာတ်ချိုးနှိမ်ဖို့အတွက် သူတို့ရဲ့ဇနီး၊ မိသားစုတွေကို မုဒိမ်းကျင့်ပြီး စနစ်ကျစွာ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာအပြင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကိုလည်း ချိုးဖောက်နေတဲ့အတွက် ကျူးလွန်ခံရသူတွေသာ သဘောတူရင် အဆုံးအစွန်အစွန်ထိ တရားမျှတမှုရဖို့ ချိတ်ဆက်လုပ်ဆောင်သွားမယ်လို့ MSFC လူသားစာနာနဲ့ ကယ်ဆယ်ရေးဌာန တာဝန်ခံ မိဆုတဂျိုက ဆက်ပြောပါတယ်။
မွန်-ကရင်အစပ်ဂျိုင်းမြစ်ဝှမ်းဒေသအတွင်း စစ်ကောင်စီက အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေ သိသိသာသာ မြင့်တက်လာတဲ့အတွက် နေရပ်ပြန်ဒေသခံတွေဟာ ကျေးရွာတွေထဲက နောက်ထပ်တကြိမ် အများအပြား ထွက်ခွာနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒေသခံတယောက်က “အမျိုးသမီးတွေဆို ခန္ဓာကိုယ်ကိုကြည့်ပြီး ပါးစပ်သားယူတာတွေ လုပ်သလို ဟိုထိ ဒီထိလည်း လုပ်တယ်။ မိန်းမပျိုတွေရှိတဲ့ မိသားစုတွေဆို ပြန်လာပြီး မကြာဘူး တခြားမြို့ကို ပြောင်းရွှေ့တာပဲ။ ရွာသားတွေက ကြောက်လို့ သူတို့ ဘာလုပ်လုပ် ပြန်မပြောရဲကြဘူး။ မုဒိမ်းကျင့်တာတွေလည်း ခပ်စိပ်စိပ် ကြားနေရတယ်။ အခု တော်တော်များများက ပြန်ပြောင်းရွှေ့နေပါပြီ” လို့ ပြောပါတယ်။
အိုးအိမ်စည်းစိမ်တွေ ထိခိုက်ပျက်စီးပြီး အကူအညီလိုအပ်နေတဲ့ ဂျိုင်းမြစ်ဝှမ်းက ပြည်သူတွေအပေါ် စစ်ကောင်စီက လူအခွင့်အရေးချိုးဖောက်တာ၊ နေရပ်ပြန်အမျိုးသမီးတွေကို နှောင့်ယှက်စော်ကားနေပြီး ပြည်သူတွေရှင်သန်ရေးအတွက် အန္တရာယ်ပြုနေတဲ့အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ မွန်ဖဒရယ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အကူအညီလိုအပ်နေတဲ့ မွန်ပြည်သူတွေကိုလည်း ပြည်တွင်း၊ ပြည်ပရောက် နိုင်ငံသားတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လူသားစာနာအကူအညီတွေပေးကြဖို့လည်း မွန်ဖက်ဒရယ် ကောင်စီက တိုက်တွန်းတောင်းဆိုထားပါတယ်။