Home
မြန်မာသတင်း
မြိုင်တွင် ပျူစောထီး ၁ ဦး မိုင်းနင်းသေဆုံး၊ စစ်မှုထမ်းရန်သွားခေါ်သည့် အုပ်ချုပ်ရေးမှူး ဓားထိုးခံရ
DVB
·
July 7, 2024

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပျူစောထီး ၁ ယောက် မိုင်းနင်းမိလို့ သေဆုံးခဲ့ပြီး ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၁ ယောက်ကတော့ စစ်မှုထမ်းဖို့ ပြည်သူကို သွားရောက်ခေါ်ဆောင်ရာမှာ ဓားနဲ့ အထိုးခံရတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာနားမှာ ဇူလိုင် ၄ ရက်နေ့၊ ညနေ ၆ နာရီခွဲလောက်က ပျူစောထီးအဖွဲ့ဝင် ၁ ယောက် မိုင်းနင်းမိလို့ ခြေထောက်ပြတ်ပြီး ဇူလိုင် ၅ ရက်နေ့မှာ သေဆုံးသွားတယ်လို့ မြိုင် ပကဖ ဆီက သိရပါတယ်။

မြိုင် ပကဖ ရဲ့ တပ်ရင်း ၃ တာဝန်ခံတယောက်က “ဝက်ပုတ်ရွာက ပျူစောထီးတွေနေတာ။ တရွာလုံး ပျူတွေချည်းပဲ။ သူတို့အဖွဲ့လိုက် ရွာပြင်ထွက်လာချိန် တကောင်က ကျနော်တို့ထောင်ထားတဲ့ မိုင်းပေါ်နင်းမိတာ။ ​နင်းမိမိချင်းတော့ ခြေထောက်တဖက်ပြတ်ထွက်သွားတယ်။ နောက်ရက်ကျ သေတာပဲ” လို့ DVB ကို ပြောပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ်က ဖလန်ကိုင်း ရေနံမြေအတွင်းမှာ ဇူလိုင် ၃ ရက်နေ့က နယ်မြေရှင်းလင်းရေးလုပ်နေတုန်း စစ်သားအလောင်း ၁ လောင်း၊ သေနတ် ၁ လက်အပါအ၀င် ကျည်ဆံတွေနဲ့ စစ်အသုံးအဆောင်တွေ တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

မြိုင် ပကဖ ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “စစ်သားအလောင်းကတော့ အရိုးစုပဲ ကျန်တော့တယ်။ ဘယ်တုန်းက မြှုပ်သွားတာလဲတော့ မသိဘူး။ မြှုပ်သွားတာကြာတဲ့ပုံပေါ်တယ်။ သေနတ်ကလည်း သံချေးတွေ တက်နေတယ်။ ပြင်သုံးလို့ ရပါတယ်။ ကျည်တွေကတော့ ကောင်းပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့ကလည်း မြိုင်မြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းပေါ်မှာ နယ်မြေရှင်းလင်းရေး လုပ်နေတုန်း မြေမြှုပ်ထားတဲ့ စစ်သားအလောင်း ၂ လောင်းတွေ့ရှိခဲ့ပြီး ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့သေးတယ်လို့ မြိုင် ပကဖ ဆီကနေ သိရပါတယ်။

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆောင်ဘုံကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးအေးကျော်ဟာ ဇူလိုင် ၆ ရက်နေ့က စစ်မှုထမ်းဖို့ ပြည်သူတယောက်ကို သုံးအိမ်စုရွာမှာ သွားခေါ်တုန်း ဓားနဲ့ အထိုးခံရတယ်လို့ သာပေါင်းမြို့နယ်ဒေသခံတွေဆီက သိရပါတယ်။

ဝမ်းဗိုက်နဲ့ လည်ပင်းမှာ ဓားနဲ့ အထိုးခံရပြီး ပုသိမ်ဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “အာဏာသိမ်းပြီး စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးလေ။ ပြည်သူ့ကို အနိုင်ကျင့်နေတာ။ သွားခေါ်တယ်၊ မနက်ပိုင်း ဓားထိုးခံရတာ။ ပုသိမ်ဆေးရုံကို ချက်ချင်းပို့ပြီး ကုနေတာ။ ဗိုက်လည်း ထိုးခံရတာ၊ သေ မသေတော့ မသိဘူး” လို့ ပြောပါတယ်။

စစ်‌မှုထမ်းဥပဒေအတည်ပြုပြီးနောက်ပိုင်း သာပေါင်းမြိုနယ်က အုပ်ချုပ်ရေးမှူးတချို့ ဆက်မလုပ်ချင်တော့လို့ နုတ်ထွက်စာတင်ထားပေမဲ့ မြိုနယ်အုပ်ချုပ်ရေးမှူးက ခွင့်မပြုဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

Photo - မြိုင် ပကဖ ရဲဘော်တဦး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013