ယူကရိန်းနိုင်ငံမြောက်ပိုင်းကို ရုရှား ဇူလိုင် ၅ ရက်မှာ ညလုံးပေါက် တိုက်ခိုက်ခဲ့တာကြောင့် အိမ်ထောင်စုပေါင်း တသိန်းကျော် လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး ဒေသဆိုင်ရာ မြို့တော်တခုဆီ ရေပေးဝေမှုပါ ပြတ်တောက်ခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ဇူလိုင် ၆ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရဲ့ အရှေ့ဘက်မှာ တိုက်ပွဲတွေနဲ့အတူ အရပ်သားတွေ သေနှုန်းလည်း သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
ရုရှားနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြောက်ပိုင်း ဆူမီ ဒေသဟာ ဇူလိုင် ၅ ရက် နှောင်းပိုင်းက ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် စွမ်းအင်အခြေခံအဆောက်အအုံတွေ ပျက်စီးသွားခဲ့တယ်လို့ ယူကရိန်းစွမ်းအင် ဝန်ကြီးဌာနက ပြောပါတယ်။
လာမယ့် နွေရာသီမှာ ယူကရိန်းနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်ကို နှစ်ဆတိုးမြှင့် ချင်တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇူလိုင် ၅ ရက်မှာ ပြောခဲ့ပါတယ်။
ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်ဖို့ ကိရိယာတွေ တောင်းခံနေတဲ့ ယူကရိန်းကို တုံ့ပြန်တဲ့အနေနဲ့ ဂျာမနီနိုင်ငံက တတိယမြောက် ထောက်ပံ့တဲ့ Patriot လေကြောင်းရန် ကာကွယ်ရေး စနစ်ကို လက်ခံရရှိပြီးချိန်မှာ ခုလို ပြောလိုက်တာပါ။
ဇလန်းစကီးကတော့ သူ့နိုင်ငံကို သူ့ဘာသာ ကာကွယ်ဖို့ နောက်ထပ် Patriot စနစ် ၇ ခု လိုအပ်တယ်လို့ ပြောပါတယ်။ U.S. ဟော့ခ်နဲ့ ဂျာမန် အိုင်းရစ် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ရည်ညွှန်းရင်း "ဒီနွေရာသီမှာ လေကြောင်းရန် ကာကွယ်ရေးစနစ်အတွက် ကျနော်တို့ရဲ့ ကာကွယ်ရေးကို ၂ ဆတိုးဖို့ ကျနော်တို့အဖွဲ့အတွက် တာဝန်တခု ချမှတ်ထားပါတယ်" လို့ ဇလန်းစကီး က ဒေသတွင်း ခေါင်းဆောင်တွေကို ပြောကြားလိုက်ပါတယ်။
တတိယအသုတ် ပက်ထရီရော့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ပံ့ပိုးပေးလို့ ဂျာမနီကို ကျေးဇူးတင်တယ်လို့လည်း ဇလန်းစကီးက သူ့ရဲ့ ညစဉ်ပြောတဲ့ ဗီဒီယို မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
Source-Reuters