Home
နိုင်ငံတကာ
တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူများကို ရဝမ်ဒါပို့မည့်အစီအစဉ် ဗြိတိန် ပယ်ဖျက်
DVB
·
July 7, 2024
Photo - Reuters

ဗြိတိန်နိုင်ငံအတွင်း တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူတွေအား ရဝမ်ဒါကို လေယာဉ်နဲ့ပို့မဲ့ အငြင်းပွားဖွယ်ရာ အစီအစဉ်ကို ပယ်ဖျက်လိုက်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်သစ် ကီယာစတာမာက ကြေညာပါတယ်။  

ခွင့်ပြုချက်မရှိဘဲ ဗြိတိန်မြေပေါ် ရောက်လာတဲ့ ရွှေ့ပြောင်းတွေကို အရှေ့အာဖရိကနိုင်ငံ ရဝမ်ဒါကို ပို့မဲ့ အစီအစဉ်ကို အရင်ကွန်ဆာဗေးတစ်အစိုးရက ၂၀၂၂ ခုနှစ်ကတည်းက ကြေညာခဲ့တာဖြစ်ပါတယ်။

လှေငယ်တွေနဲ့ ခိုးဝင်လာတာကို အဆုံးသတ်ဖို့ ဒီအစီအစဉ်ကို အကောင်အထည်ဖော်တာလို့ ဆိုပေမဲ့ ဥပဒေကြောင်းအရ စိန်ခေါ်ခံခဲ့ရတာကြောင့် တယောက်မှ မပို့နိုင်ခဲ့ပါဘူး။  

ဒီအစီအစဉ်ဟာ ရွှေ့ပြောင်းအခြေချဖို့ ကြိုးစားသူ ၁ ရာခိုင်နှုန်းလောက်ကိုပဲ ဖယ်ရှားနိုင်မှာဖြစ်ပြီး၊ အဟန့်အတားသဘောမျိုးလည်း အသုံးမဝင်ဘူးလို့ စတာမာက ပထမဆုံးအင်တာဗျူးမှာ ပြောသွားပါတယ်။  

စတာမာ ဦးဆောင်တဲ့ လေဘာပါတီဟာ ခေတ်သစ်ဗြိတိန်သမိုင်းမှာ အကြီးမားဆုံး လွှတ်တော်အမတ်များစုနဲ့ နေရာရရှိခဲ့ပြီး စတာမဟာ တချိန်က လေဘာပါတီခေါင်းဆောင် ဝန်ကြီးချုပ်တိုနီဘလဲနောက်ပိုင်း အင်အားအကောင်းဆုံး ဗြိတိန်ခေါင်းဆောင်ဖြစ်လာပါတယ်။ 

ဒါပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလိုမျိုး ရုန်းကန်နေရတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အဆင့်မြှင့်ဖို့နဲ့ အားနည်းနေတဲ့ စီးပွားရေး နာလန်ထူအောင်လုပ်ဖို့ စတဲ့ စိန်ခေါ်မှုကြီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။  

လှေနဲ့ခိုးဝင်တဲ့ ရွှေ့ပြောင်းတွေကို တားဖို့ ရဝမ်ဒါပို့ဖို့ အစီအစဉ်ဟာ တရားမဝင်ဘူးလို့ ဗြိတိန်တရားရုံးချုပ်က မနှစ်က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ရာထူးက ဆင်းပေးလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း ရီရှီဆူနက် လက်ထက်မှာ မဖြစ် ဖြစ်တဲ့နည်းနဲ့ အကောင်အထည်ဖော်ဖို့ ဆက်ကြိုးစားခဲ့ပါတယ်။ 

ဒီလို လက်ခံပေးဖို့ နေရာထိုင်ခင်းစီစဉ်ဖို့နဲ့ ဝန်ထမ်းတွေ ထပ်ခန့်ဖို့  ရဝမ်ဒါအစိုးရကိုလည်း ဗြိတိန်က ပေါင်သန်းရာချီပေးခဲ့ရပါတယ်။ အခုအစီအစဉ်ဖျက်လိုက်လည်း ဒီပိုက်ဆံတွေကတော့ ပြန်ရဖို့မရှိပါဘူး။ 

စတာမာက အဲဒီအစီအစဉ်အစား လူခိုးသွင်းတဲ့ ကိစ္စကို ဟန့်တားဖို့ ရဲ၊ ထောက်လှမ်းရေးနဲ့ ဥပဒေအရာရှိတွေက နိုင်ငံတကာအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် နယ်စပ်လုံခြုံရေးကွပ်ကဲမှုဌာနချုပ်တရပ် တည်ထောင်သွားမယ်လို့ ဆိုပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013