အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း သေဆုံးသူဦးရေ ၃၈,၀၉၈ ဦးအထိ မြင့်တက်လာခဲ့တယ်လို့ ပါလက်စတိုင်းနယ်မြေထဲက ကျန်းမာရေးအာဏာပိုင်တွေက ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကစတဲ့ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအတွင်း လူ စုစုပေါင်း ၈၇၇၀၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင် မြောက်ပိုင်း ဂါဇာမြို့နဲ့ တောင်ပိုင်းမြို့ ရာဖှာတို့ကို ဇူလိုင် ၆ ရက်က ဝင်စီးနင်းခဲ့တာကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းမီဒီယာတွေက ဖော်ပြပါတယ်။
ရာဖာမြို့အနောက်မြောက်ပိုင်းက ကားတစီးကို အစ္စရေးလေတပ်က တိုက်ခိုက်ခဲ့လို့ ၆ ဦး သေဆုံးခဲ့ပြီး ဂါဇာမြို့တွင်း ရပ်ကွက်တခုကို အစ္စရေးတပ်ဖွဲ့တွေက ချေမှုန်းလို့ ၂ ဦး သေဆုံးခဲ့ပါတယ်။
ဂါဇာကမ်းမြောင်အလယ်ပိုင်း နူဆေးရတ် ဒုက္ခသည်စခန်းရှေ့နားက ပါလက်စတိုင်း ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးနဲ့ လုပ်ငန်းအဖွဲ့ (UNRWA) ပိုင် ကျောင်းတကျောင်းကိုလည်း အစ္စရေး စစ်တပ်က ဇူလိုင် ၆ ရက်က ဗုံးကြဲခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် လူ ၁၃ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကာ ဒေသခံတွေလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
အနောက်ဘက်ကမ်းဒေသက ဂျိနင်းမြို့ကိုလည်း အစ္စရေး စစ်တပ်က ဇူလိုင် ၅ ရက်မှာ ထိုးစစ်ဆင်ခဲ့လို့ အဲဒီနေ့ တရက်တည်းမှာ ပါလက်စတိုင်း ၇ ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဂျိနင်းမြို့အပေါ် အစ္စရေးစစ်ဆင်ရေးဟာ အစ္စရေးတပ်ဖွဲ့တွေနဲ့ ပါလက်စတိုင်းတွေကြား အနောက်ဘက်ကမ်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တဲ့ နောက်ဆုံးနေရာပါ။
ဂါဇာ ကမ်းရိုးတန်းဒေသမှာ အခြေစိုက်တဲ့ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက အစ္စရေးကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေ ၂ နှစ်ကျော်ကြာ ကာလအတွင်း ပြင်းထန်လာခဲ့ပါတယ်။
Source-Reuters