အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လာမယ့် သမ္မတရွေးကောက်ပွဲမှာ သူဝင်မပြိုင်အောင် “ဘုရားသခင်”သာ တားလို့ရမယ်လို့ ABC News နဲ့ အင်တာဗျူးမှာ ဖြေကြားသွားပါတယ်။
ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ပြိုင်နိုင်တဲ့ တဦးတည်းသောသူ ဖြစ်တယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကြောင်း ဘိုင်ဒင်က ပြောသွားခဲ့ပါတယ်။
ဇွန် ၂၇ ရက်က CNN သတင်းဌာနက စီစဉ်တဲ့ စကားစစ်ထိုးပွဲဟာ သူ့ဘဝရဲ့ ဆိုးရွားတဲ့ ဇာတ်ဝင်ခန်း တခုသာဖြစ်တယ်လို့ ဘိုင်ဒင်က ပြောသွားပါတယ်။
ဘာမှ ကြီးကြီးကျယ်ကျယ်ဖြစ်တာမရှိဘဲ မောပန်းနေခဲ့တာပဲရှိတယ်လို့ အသက် ၈၁ နှစ်အရွယ်ဘိုင်ဒင်က ပြောပါတယ်။
ပြင်ဆင်မှုပိုင်းမှာ မသိစိတ်က စေ့ဆော်တာကိုနားမထောင်မိခဲ့တာနဲ့ ဆိုးရွားတဲ့ ညတည ဖြစ်ခဲ့ရုံသာပဲလို့ ဘိုင်ဒင်က “ဖော့” ပြောသွားပါတယ်။
ထရမ့်ကို နိုင်မယ်လို့ တကယ်ယုံတာလားလို့ ဘိုင်ဒင်ကို ABC သတင်းဌာနက စီစဉ်တင်ဆက်သူ ဂျော့ချ် စတီဖင်ပူးလော့စ်ကထပ်မလဲလဲ မေးခွန်းထုတ်ခဲ့ပါတယ်။ စစ်တမ်းတွေအရလည်း ထောက်ခံမှုပိုင်းမှာ တဖြည်းဖြည်းကွာဟနေတယ်လို့ ထောက်ပြပါတယ်။
ဒါပေမဲ့ ဘိုင်ဒင်ကတော့ သူ့ထက်ပိုပြီး သင့်တော်တဲ့သူရှိတယ်လို့ မထင်ကြောင်း၊ စစ်တမ်းတွေဟာ မတိကျကြောင်း တုံ့ပြန်ခဲ့ပါတယ်။ တကယ်လို့ လွှတ်တော်ထဲက ဒီမိုကရက် လုပ်ဖော်ကိုင်ဖက်တွေက ဘိုင်ဒင်ကြောင့် သူတို့ပါ ပြန်အရွေးခံဖို့ အခွင့်အရေး ထိခိုက်လာတယ်လို့ စွပ်စွဲလာရင် ဘယ်လိုမလဲလို့ မေးခွန်းထုတ်ခံခဲ့ရပါတယ်။ အဲဒီအခါ ဘိုင်ဒင်က “ ဘုရားသခင်ကိုယ်တိုင်ထွက်လာပြီး ပြောရင်တော့ လိုက်နာချင် လိုက်နာမှာပေါ့” လို့ တုံ့ပြန်ပါတယ်။
ဒါပေမဲ့ တည်းဖြတ်ထားခြင်းမရှိဘူးဆိုတဲ့ ၂၂ မိနစ်ကြာ အင်တာဗျူးဟာ ဘိုင်ဒင်ရဲ့ အခြေအနေအပေါ် ပူပန်နေကြသူတွေ အတွက် စိတ်သက်သာရာ မရစေခဲ့ဘဲ၊ ပိုပြီးတော့တောင် ပူပန်မိစေတယ်လို့ ဒီမိုကရက်အမတ်တချို့က အတိအလင်းဝေဖန်ခဲ့ပါတယ်။
Source-Reuters