Home
အားကစား
ဆီမီးဖိုင်နယ် တက်သွားသည့် အင်္ဂလန်အသင်းသားများကို  ဗြိတိန်မင်းသားဝီလီယံ ဂုဏ်ပြု
DVB
·
July 7, 2024

ယူရိုပြိုင်ပွဲ ဆီမီးဖိုင်နယ်တက်သွားတဲ့ အင်္ဂလန်အသင်းသားတွေကို ဗြိတိန်မင်းသား ဝီလီယံက  သွားရောက် ဂုဏ်ပြုခဲ့ပါတယ်။

မင်းသား ဝီလီယံဟာ အင်္ဂလန်နဲ့ ဆွစ်ဇာလန်ပွဲစဉ်က ပွဲကြည့်စင်ကနေ အားပေးခဲ့ပြီး အင်္ဂလန်အသင်းက ချေပဂိုးသွင်းချိန်နဲ့ ပင်နယ်ဆီအဆုံးအဖြတ်နဲ့ အနိုင်ရရှိချိန်တွေမှာ အကြီးအကျယ်အောင်ပွဲခံခဲ့ပါတယ်။

အင်္ဂလန်အက်ဖ်အေရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ မင်းသားဝီလီယံဟာ ပွဲအပြီးမှာ ကွင်းဥမင်ထဲဝင်ပြီး ကွင်းထဲကနေ ထွက်လာတဲ့ ချေပဂိုးသွင်းယူသူ ဘူကာရိုဆာကာနဲ့  နောက်ဆုံး ပင်နယ်တီသွင်းယူသူ အာနိုးလ်တို့ကို ပွေ့ဖက်ဂုဏ်ပြုခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ နောက်ဆုံးပြိုင်ပွဲကြီး ၄ ခုမှာ ဆီမီးဖိုင်နယ်ကို ၃ ကြိမ်မြောက်တက်နိုင်ခဲ့ပြီး ပရိသတ်အများအပြားက အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။

အင်္ဂလန်ကစားသမား ဆာကာကတော့ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုကောင်းလာတယ်လို့ ပြောပါတယ်။

ဆာကာဟာ မနေ့ညက ကစားခဲ့တဲ့ ဆွစ်ဇာလန်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အရေးပါတဲ့ ချေပဂိုး သွင်းယူပေးခဲ့သလို ပင်နယ်တီ အဆုံးအဖြတ်မှာလည်း ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့တာပါ။

ဆာကာဟာ ၂၀၂၀ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲမှာ အီတလီဘက်ကို ပင်နယ်တီကန်သွင်းရာမှာ ဂိုးမဝင်ခဲ့တာကြောင့် ဝေဖန်ခံခဲ့ရသလို အားပေးဝန်းရံမူတွေလည်း ခံခဲ့ရသူပါ။

အရေးပါတဲ့ ပင်နယ်တီလွဲချော်ခဲ့တဲ့ အဲဒီဖြစ်ရပ်ဆိုးအပေါ် မေ့ဖျောက်လိုက်ပြီး လက်ရှိ အခြေအနေကိုပဲ အာရုံစိုက်ကာ ပင်နယ်တီကန်သွင်းခဲ့တာကြောင့် ဂိုးဝင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ပိုကောင်းလာတယ်လို့ ဆာကာက ပွဲအပြီးမှာ ပြောပါတယ်။

အင်္ဂလန်အသင်းဟာ ဆွစ်ဇာလန်နဲ့ ပွဲချိန်အတွင်းမှာ တစ်ဂိုးစီ သရေကျခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ဆီမီးဖိုင်နယ်မှာ တူရကီကို အနိုင်ယူပြီးတက်လာတဲ့ ဟော်လန်အသင်းနဲ့  ဇူလိုင် ၁၁ ရက်မှာ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013