ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ စီးယင်းဒေသ၊ မွောလ်ပီးရွာမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်ကို စစ်ကောင်စီတပ်သား ၂ ယောက်က မုဒိမ်းကျင့်ခဲ့ပြီး နောက်ထပ် မိန်းကလေး ၂ ယောက်ကိုလည်း မုဒိမ်းကျင့်ဖို့ ကြံစည်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၅ ရက်နေ့ မနက် ၆ နာရီအချိန်က မွောလ်ပီးရွာကအိမ်ထဲမှာ ထမင်းချက်နေတဲ့ မိန်းကလေးငယ်ကို စစ်ကောင်စီတပ်သား ၂ ယောက်က မုဒိမ်းကျင့်မှုဖြစ်ခဲ့တာပါ။
ကျူးလွန်ခဲ့တဲ့ စစ်သား ၂ ယောက်ဟာ ကလေးမြို့ကနေ ချင်းတောင်ကို ကား ၆ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့အထဲက စစ်သားတွေဖြစ်ပြီး သူတို့မှာ ဘက်တံဆိပ်တွေမပါတဲ့အတွက် ဘယ်တပ်ကဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။
ဒေသခံတယောက်က “မွာလ်ပီးရွာကို စစ်ခွေးတွေရောက်မလာခင် တောထဲစစ်ရှောင်ကြတယ်။ စကစမှ ဘာမှမလုပ်ဘူး ပြန်လာကြဆိုလို့ ရွာခံတွေ ရွာထဲပြန်လာကြတယ်။ နေ့ခင်းဘက်ဆိုတော့ ထမင်းမချက်ရသေးလို့ ပြင်ဆင်နေတုန်း စစ်သား ၂ ဦး အိမ်ထဲဝင်လာပြီး လုံးပြီး မုဒိမ်းကျင့်ကြတယ်တဲ့။ အော်ပြီး အကူညီတောင်းတော့လည်း ဘယ်သူမှ ရောက်မလာကြဘူးတဲ့။ စကစ လူကြီးဘက်ကနေ ငွေကြေးနဲ့ ပြေလည်ဖို့ ဒေသခံတွေကို ညှိကြတယ်တဲ့။ ကလေးမလေးကတော့ အခု ဆေးကုသမှုခံနေရတယ်” လို့ ပြောပါတယ်။
ဖြစ်စဉ်ကို ရွာလူကြီးတွေက စစ်ကောင်စီစစ်ကြောင်းမှူးကို တိုင်ကြားခဲ့ပြီး စစ်သားတွေဘက်က ငွေကြေးနဲ့ညှိနှိုင်းပြီးနောက် စစ်ကြောင်းကလည်း ကလေးမြို့ဘက်ကို ပြန်လှည့်သွားတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းမှာပါလာတဲ့ စစ်ကောင်စီတပ်သားတွေကပဲ အိမ်ထောင်သည် အမျိုးသမီးတယောက်နဲ့ အပျိုအရွယ် မိန်းကလေးတယောက်ကို အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့သေးပြီး အဲဒီမိန်းကလေးတွေကတော့ လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။