Home
မြန်မာသတင်း
မိုးကုတ်တွင် တိုက်ပွဲငြိမ်သော်လည်း အသွားအလာနည်း၊ ကုန်ပစ္စည်းဝယ်ရခက်နေ
DVB
·
July 6, 2024

မန္တလေးတိုင်း၊ မိုးကုတ်မြိုမှာ တိုက်ပွဲဖြစ်ပွားပြီး​နောက် မြို့အဝင်အထွက်လမ်းတွေ ပိတ်ထား တာကြောင့် ကုန်သွယ်စီးဆင်းမှုရပ်တန့်နေပြီး မြိုမှာကျန်ရှိနေတဲ့ စားသောက်ကုန်တွေလည်း ဝယ်ယူရ ခက်နေသလို တိုက်ပွဲတွေငြိမ်နေပေမဲ့ အသွားအလာနည်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် အထိုင်ချထားတဲ့ မိုးကုတ်မြို့အရှေ့ပိုင်းမှာ ဇူလိုင် ၆ ရက်နေ့က ဆန်တွေ ဝယ်ယူရခက်နေပြီး ဆန်စျေးတွေလည်းတက်နေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

မြို့ခံအမျိုးသမီးတယောက်က “တမြို့လုံးက ဆန်ဆိုင်တွေကိုမေးခဲ့ပြီးပြီ။ ဆန်တွေမရှိတော့ဘူးတဲ့။ ဆန်ဝယ်ချင်တာကို တောင်းတောင်းပန်ပန်နဲ့ဝယ်ခဲ့ရတာ။ ထိုင်မကန်တော့ရရုံပဲ။ အဲဒါတောင် တပိုင်း(အိတ်ဝက်)ပဲ ကျန်တယ်။ အိမ်မှာလည်း ဆန်မကျန်တော့လို၊ တမြို့လုံး ဆန်မရတော့ဘူး” လို့ ပြောပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းမှာ ဇွန် ၂၅ ရက်နေ့ကနေ ဇွန် ၃၀ ရက် အထိ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ကြား တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် မြို့တွင်း ဆိုင်တွေ ပိတ်သွားသလို မြို့အဝင်အထွက်ကိုလည်း ကန့်သတ်ထားထားတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းမှာတော့ မနက်ခင်းစျေး အချိန်ပိုင်းဖွင့်ပေမယ့် ကုန်စျေးနှုန်းတွေလည်း မြင့်တက်နေတဲ့အပြင် ဓာတ်ဆီဝယ်ယူရမလွယ်တာကြောင့် သွားရေးလာရေးပါ ခက်ခဲနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ကြက်ဥလည်း စျေးတွေတက်တယ်။ ကန်စွန်းရွက် ၁ စည်း ၁,၅၀၀ ပေးနေရတယ်။ ဓာတ်ဆီဆို ၁ ဂါလံ ၃၅,၀၀၀ ပေးရတာကို လိုသလို မရဘူးလေ။ ဘယ်မှမသွားရဲဘူး။ အရေးပေါ်ပြေးရင် ဆီမရှိမှာစိုးလို့” လို့ ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့မိုးကုတ်မှာ ဆန်စျေး၊ ဆီစျေးတွေတက်နေပြီး လိုသလောက်ဝယ်မရဘဲ လုယက်ဝယ်နေရတယ်လို့ သိရ​ပါတယ်။

မိုးကုတ်မြို့ကနေ မန္တလေးကိုတိမ်းရှောင်သွားတဲ့ ဒေသခံရာချီလည်း မိုးကုတ်-မန္တလေးလမ်းမှာ ပိတ်မိနေပြီး စားရေးရိက္ခာခက်ခဲနေတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာ ဇွန် ၃၀ ရက်ကစတင်ပြီး တိုက်ပွဲ ငြိမ်သွားပေမဲ့ မြို့ပေါ်အသွားအလာနည်းနေပြီး ပုံမှန်အခြေအနေ မဟုတ်သေးသလို မနက်ပိုင်းစျေးဝယ်သူတွေပဲ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်းကိုတော့ TNLA တပ်က အပြည့်အဝထိန်းချုပ်ထားတာဖြစ်ပြီး မိုးကုတ်မြို့ အရှေ့ပိုင်းမှာ စစ်ကောင်စီတပ်အထိုင်ချစခန်းတွေရှိနေပေမယ့် တိုက်ပွဲ ပြင်းထန်တာ မရှိသေးဘူးလို့ သိရပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းဗျူဟာကုန်းတပ်စခန်းကနေ ဇူလိုင် ၄ ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်သံ၊ သေနတ်ပစ်သံတွေ ကြားခဲ့ရပေမယ့် တညလုံး ပစ်ခတ်တာ မရှိဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်း ကန်တော်ရပ်ကွက် ရှမ်းကျောင်းအနီးမှာ ဇူလိုင် ၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ပစ်ခတ်သံတွေ နာရီဝက်လောက်ကြားခဲ့ရသေးတယ်လို့ ​သိရပါတယ်။

မြို့ခံတယောက်က “မြို့ထဲတော့ငြိမ်နေတယ်။ မြို့အဝင်အထွက်က လုပ်မရသေးဘူး။ မန္တလေးဆင်းတဲ့ သူတွေလည်း လမ်းမှာပိတ်မိနေတယ်။ မြို့ထဲက​တော့ လက်နက်ကြီးသံလောက်ပဲ ကြာကြာ တခါကြားရတယ်” လို့ ပြောပါတယ်။

ဇွန် ၂၅ ရက်နေ့ကစလို့ မိုးကုတ်မြို့အနောက်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို TNLA ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဇွန် ၃၀ ရက်နေ့မှာ အနောက်ပိုင်းကို TNLA က သိမ်းပိုက်ရရှိခဲ့တာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013