Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွင်း ကုန်စျေးနှုန်းအဆမတန် မြင့်တက်နေ
DVB
·
July 6, 2024

ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော်အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးတဲ့ နောက် ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်သွားလို့ ဒေသခံတွေ အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

ဆန်နဲ့ အခြေခံစားသောက်ကုန်တွေအပါဝင် အဝတ်အထည်၊ ထီး၊ ဖိနပ်နဲ့ လူသုံးကုန် ပစ္စည်းတွေအားလုံး စျေးနှုန်းနောက်ထပ်တဆလောက် မြင့်တက်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်အေအေတို့ စစ်ဖြစ်နေတဲ့ကာလအတွင်း ကြက်သွန်နီ ၁၀ သားကို အရင်က ၄၀၀ ကျပ်လောက်ပဲ ပေးရပြီး အခု ၃,၅၀၀ ကျပ်ထိဖြစ်နေသလို ငရုတ်သီးခြောက် ၁ ပိဿာကို အရင်က ၂၅,၀၀၀ ကျပ်ကနေ အခု ၄၀,၀၀၀ ကျပ်၊ စားသုံးဆီ တလီတာကိုလည်း အရင်က ၇,၅၀၀ ကျပ်ကနေ အခု ၁၄,၀၀၀ ကျပ်အထိ မြင့်တက်နေတယ်လို့  စစ်တွေမြို့နယ် ဒေသခံ အမျိုးသမီးတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ကုန်ပစ္စည်းတွေကို အိမ်တိုင်ရာရောက် လာရောင်းတဲ့သူတွေဆီကနေ ဝယ်ယူတာတွေရှိသလို့ ယိုးတရုပ်၊ ကျောက်တော်ဘက်တွေကို သွားရောက်ဝယ်ယူကြရပြီး ခရီစရိတ်လည်း အဆမတန်များပြားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကာလအတွင်း ပြည်မဘက်က ကုန်စည်စီးဆင်းမှုခက်ခဲနေပြီး တောင်ကုတ်မြို့နယ်ဘက်ကနေ လာတဲ့ ကုန်စည်တွေကို စစ်ကောင်စီဘက်က ကုန်းလမ်း၊ ရေလမ်းက ပိတ်ဆို့ပြီး ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံတယောက်က ပြောပါတယ်။

အိန္ဒိယနိုင်ငံဘက်က သယ်ယူနိုင်ဖို့ကလည်း မိုးတွင်းကာလဖြစ်တာကြောင် ကုန်းလမ်းကနေလည်း သွားလို့အဆင်မပြေသလို ရေစီးတအားသန်တာကြောင့် ကုန်ပစ္စည်းတွေသယ်ယူဖို့ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ကုန်စည်စီးဆင်းမှု ပြတ်တောက်နေတာကြောင် နွေရာသီကတည်းက သိုလှောင်ထားတဲ့ ကုန်သည်တွေက ကုန်ပစ္စည်းတွေကို အဆင်မတန် စျေးမြှင့်ရောင်းတာကြောင့်လည်း ကုန်စျေးနှုန်တွေ မြင့်တက်နေရတာလို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းဒေသခံတယောက်ကတော့ အာရက္ခတပ်တော်အနေနဲ့ စစ်ရေးကာလဖြစ်တာကြောင့် ကုန်စျေးနှုန်းပြဿနာကို မဖြေရှင်းနိုင်သေးပေမယ့် လမ်းကြောင်းတွေပွင့်သွားတဲ့ အချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒယနိုင်ငံတို့နဲ့ ကုန်သွယ်တာတွေပြုလုပ်ပြီး ကုန်စျေးနှုန်းတွေ ပြန်လည် ကျဆင်းလာဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အပါဝင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၉ မြို့နယ်လောက်ကို အာရက္ခတပ်တော် အေအေက သိမ်းပိုက်ထိန်းချုပ်ထားပြီး နောက်ထပ်မြို့နယ် ၄ ခုက စစ်ကောင်စီတပ်စခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013