ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်ထဲမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး မကွေးတိုင်း၊ ရေစကြိုမြို့မှာတော့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ထဲက ရေချမ်းရွာနဲ့ ဝက်ကဘူးရွာကြား တနေရာမှာ ဇူလိုင် ၅ ရက်နေ့ မနက်ပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူ KP က ပြောပါတယ်။
မနက် ၉ နာရီကျော်ကလောက်က အင်အား ၄ဝ ကျော်နဲ့ စစ်ကြောင်းထိုးဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို အတွင်းသတင်းအရ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၁ နာရီကျော်တယ် လို့ သိရပါတယ်။
KP က “ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့ ထုံးစံအတိုင်းပေါ့။ အဲဒီနားက ရွာတွေကိုလိုက်ပြီးတော့ ဒေသခံပြည်သူတွေကို လိုက်ဖမ်းတယ်။ အင်အားတွေလည်း ထပ်ဖြည့်ထားပြီးတော့ မြစေတီရွာနဲ့ ဝက်ကဘူးရွာမှာ တပ်ဖြန့်ပြီး ရွာသားတွေကိုလိုက်မေးနေတယ်။ သူတို့ဘက်က သေတာများပြီး လက်နက်တွေလည်း သိမ်းဆည်းရမိတာတွေရှိပါတယ်” လို့ ပြောပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၂ ယောက် သေဆုံးပြီး G3 သေနတ် ၂ လက်၊ ၇၉ သေနတ် ၂ လက်၊ AK 47 ၁ လက်၊ ကာဘိုင် ၁ လက်တို့အပြင် ကျည်၊ စစ်အသုံးအဆောင်တွေနဲ့ မူးယစ်ဆေးဝါးတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စစ်ဆင်ရေးကို ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့နဲ့ အမှတ် ၅၁၅ PDF တပ်ဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့ပြီး ဂျိုးဖြူတပ်က ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဂျိုးဖြူတပ်ဖွဲ့ဟာ ရွာငံမြို့နယ် အနီးတဝိုက်က စစ်ကောင်စီထောက်တိုင်တွေနဲ့ စစ်ကောင်စီတပ်တွေကို ချေမှုန်းနေပြီး ကရင်နီပြည်ရဲ့ ရှေ့တန်းတိုက်ပွဲတွေမှာလည်း ပါဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
မကွေးတိုင်း၊ ရေစကြိုမြို့မှာလည်း ဇူလိုင် ၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးခဲ့တယ်လို့ မြင်းခြံကျားနက်တပ်ဖွဲ့ MBT ဆီကနေ သိရပါတယ်။
ရေစကြိုမြို့၊ သုခဝတီရပ်ကွက် အထက ၁ ကျောင်းမှာ ကင်းစောင်နေတဲ့ စစ်ကောင်စီတပ်သားတွေကို မနက် ၁၀ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပြောက်ကျားနည်းဗျူဟာနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ MBT တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁ ယောက်နဲ့ ပျူစောထီး ၁ ယောက် နေရာမှာတင်လဲကျ သေဆုံးခဲ့တယ်လို့ ဆိုပြီး MBT တပ်ဖွဲ့နဲ့ YSO TPG မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။