မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာ၊ ၂၆ လမ်းနဲ့ မြို့ပတ်လမ်းထောင့်ရှိ Denko ဆီဆိုင်အတွင်း ဖွင့်ထားတဲ့ မြန်မာရှေ့ဆောင်ဘဏ် (MAB) ဘဏ်ခွဲမှာ ဇူလိုင် ၅ ရက်က ငွေကျပ်သိန်း ၆၀၀ ကျော် ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နန်းဦးလွင်ကျေးရွာဒေသခံတဦးက “ဓားပြအဖွဲ့က ဓာတ်ဆီဝင်ဖြည့်တဲ့ပုံစံနဲ့ ဝင်လာပြီး ဘဏ်ထဲငွေတွေ တောင်းယူသွားတာ။ နေ့လယ် ၁၁ နာရီ ၄၅ လောက်ရှိမယ်။ ဆိုင်ကယ် ၃ စီးနဲ့ လူက ၆ ယောက်ပါ။ ကြားတာက ဘဏ်ထဲကငွေ သိန်း ၆၀၀ ပါသွားတယ်လို့ ပြောသံကြားပါတယ်” လို့ ပြောပါတယ်။
မန္တလေးမြို့ရှိ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲမှ ဘဏ်ဝန်ထမ်း ၂ ဦးကို အမည်မသိ အမျိုးသား ၆ ဦးက ပစ္စတိုသေနတ် ၂ လက်နဲ့ ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၆၀၀၊ Iphone 13 ၁ လုံးနဲ့ Mi Phone ၂ လုံးတို့ကို ဓားပြတိုက်ယူဆောင်သွားကြောင်း CCTV မှတ်တမ်းတွေအရ သိရပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မန္တလေးမြို့ အဝင်၊ အထွက်တွေကို ပိတ်ဆို့ပြီး လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးနေသလို ဓားပြတိုက်ခံခဲ့ရတဲ့ နေရာမှာလည်း စစ်အုပ်စု၊ ပျူ၊ ရဲ၊ စည်ပင်၊ မီးသတ်နဲ့ ယာဉ်ထိန်းရဲတွေက နေ့စဉ်မပြတ် ပြည်သူကို ဖမ်းဆီးငွေညှစ်လေ့ရှိတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“အဲဒီ Denko ဆီဆိုင်နားမှာ နေ့တိုင်း မထသတွေနဲ့ မော်တော်ပီကယ်၊ ရဲတွေ ရှိတယ်။ ရဲတွေဆို ဦးထုပ်များ မဆောင်းလာတဲ့ ဆိုင်ကယ်ဆိုရင် ဆီဆိုင်ထဲအထိ ဝင်ဖမ်းတာ။ အဲဒီ ကြားထဲက အလုခံရတာဆိုတော့ ဒီကောင်တွေနဲ့ နီးတဲ့နေရာတွေက ပြည်သူတွေအတွက် ပိုပြီးအန္တရာယ်များတယ်။”
အလားတူ ပြီးခဲ့တဲ့ ဇွန် ၂ ရက်ကလည်း မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ ၂၆လမ်း နဲ့ ၆၃ လမ်းထောင့်ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်ကို လူ ၂ ဦးက ဓားရှည်ကိုင်ကာ ဆိုင်အတွင်းဝင်လာပြီး ကောင်တာကို ရိုက်ခွဲကာ ဖုန်းအသစ် ၁၀ လုံး၊ ဆိုင်သုံးဖုန်း ၂ လုံးနဲ့ ငွေကျပ်သိန်း ၃၀ တို့ကို ဓားပြတိုက်ယူဆောင်သွားခဲ့ကြောင်း သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုနဲ့ ခိုးမှုတွေ ဆက်တိုက်ဖြစ်ပွားနေကြောင်းနဲ့ စစ်ကောင်စီက ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူရာမှာ အားနည်းမှုတွေရှိကြောင်း မြို့ခံတွေအကြား ဝေဖန်နေကြပါတယ်။