Home
နိုင်ငံတကာ
မိုဘိုင်းနျူကလီးယား ဒုံးကျည်ပစ်ခတ်မှု  ရုရှား လေ့ကျင့်
DVB
·
July 6, 2024
Photo- Russian Defence Ministry | Credit: via REUTERS

ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ မိုဘိုင်းနျူကလီးယား ဒုံးပစ်လောင်ချာတွေပါဝင်တဲ့ စစ်ရေး လေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ ဝန်ကြီးဌာနရဲ့ တရားဝင် တယ်လီဂရမ်ချန်နယ်မှာ ဇူလိုင် ၅ ရက် က ဖော်ပြပါတယ်။ 

ယူနစ်နှစ်ခုမှ ယားစ်ဒုံးပစ်လောင်ချာ တပ်သားတွေဟာ ကီလိုမီတာ ၁၀၀ ကျော်ကို သယ်ဆောင် သွားပြီး ရုပ်ဖျက်အသွင်ပြောင်းခြင်းနဲ့ တပ်ဖြန့်နေရာချခြင်းတို့ကို လေ့ကျင့်ဖို့ စီစဉ်ထားပြီး အနာဂတ်မှာ နောက်ထပ်တပ်ဖွဲ့ဝင်တွေလည်း လေ့ကျင့်မှုမှာ ပါဝင်လာလိမ့်မယ်လို့ ပြောထား ပါတယ်။ 

ရုရှားဟာ တာလတ်ပစ် ဒုံးကျည်အသစ်တွေအတွက် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို စတင်ခဲ့ပြီး ဒုံးကျည်တွေကို စတင်ထုတ်လုပ်ဖို့လည်း အဆင်သင့်ဖြစ်နေပြီလို့ ကာဇက်စတန်နိုင်ငံကို ရောက်ရှိနေတဲ့ ရုရှားသမ္မတ ပူတင် ဇူလိုင် ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

ဒါပေမယ့် အမေရိကန်ရဲ့ လုပ်ရပ်တွေပေါ် မူတည်ပြီးတော့ ဒုံးကျည်တွေကို နေရာ ချသွားမယ်လို့လည်း သူက ဆိုပါတယ်။ 

အမေရိကန်ပြည်ထောင်စုဟာ တာလတ်ပစ်နဲ့တာတိုပစ် ဒုံးကျည်များ ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်(INF)ကနေ နုတ်ထွက်မှုနဲ့ တာလတ်ပစ် ဒုံးကျည်ထုတ်လုပ်ရေးကို စတင် တော့မယ်ဆိုတဲ့ ကြေညာချက်တွေနဲ့ ဆက်စပ်ရရင် ရုရှားကလည်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့ အနာဂတ်မှာ ဒုံးကျည်ထုတ်လုပ်ရေးကို စတင်ဖို့ အရည်အချင်းပြည့်မီတယ်လို့လည်း ပူတင်က ပြောပါတယ်။ 

အမေရိကန်ထုတ် တာလတ်ပစ်နဲ့ တာတိုပစ် ဒုံးကျည်စနစ်တွေ တနေရာရာမှာ ပေါ်လာခဲ့ရင်၊ ရုရှားကလည်း ပုံစံတူ လုပ်ဆောင်ပိုင်ခွင့် ရှိတယ်လို့လည်း ပြောသွားပါတယ်။ 

မော်စကိုက အရင်ဦးအောင် လုပ်မယ့်အစား ဝါရှင်တန်ရဲ့ လုပ်ရပ်တွေအတိုင်း ရောင်ပြန်ဟပ် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပူတင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။   

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013