ရုရှားရေတပ်ရဲ့ ပင်လယ်နက် ရေယာဉ်အုပ်စုဟာ ကိယက်ဗ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပင်လယ်နက်ထဲရှိ သူ့ရဲ့ ခရိုင်းမီးယားရေတပ်စခန်းကို ဆုံးရှုံးနေရပြီး သူစစ်သင်္ဘောတွေအ ားလုံးနီးပါးကိုလည်း သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကနေ တခြားနေရာတွေဆီ စခန်းနေရာ ရွှေ့ပြောင်းဖို့ အသည်းအသန် လုပ်နေရကြောင်းနဲ့ သူ့ရဲ့ အဓိကအချက်အချာ ရေတပ်နေရာလည်း အစွမ်းအစမဲ့လာနေကြောင်း ယူကရိန်းရေတပ်ဦးစီးချုပ်က ပြောပါတယ်။
ယူကရိန်းရေတပ်အကြီးအကဲ ဒုရေတပ်ဗိုလ်ချုပ်ကြီး အိုလက်ခ်စီးနေ့ဇ်ပါးပါးက “ယူကရိန်းရဲ့ ဒုံးကျည်နဲ့ ရေတပ်ဒရုန်းယာဉ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဆီဗက်စတိုပိုလ် အခြေစိုက်စခန်းဟာ ဆိုးဆိုးရွားရွား ပျက်စီးသွားပြီး အဓိက တိုက်ခိုက်ရေးအသင့် သင်္ဘောအားလုံးနီးပါးကို ပင်လယ်နက်ရေတပ်ရဲ့ အဓိက အခြေစိုက်စခန်းကနေ ရုရှားရဲ့ နိုဗိုရော့စီးစ်ခ်မြို့ မှာ သွားရွှေ့ထားပြီး တချို့ကိုတော့ အာဇော့ဗ် ပင်လယ်မှာ ထားရှိတယ်” လို့ ပြောပါတယ်။
ယူကရိန်းကိုတိုက်နေတဲ့ စစ်ပွဲမှာ ရန်သူအတွက် အဓိကပြဿနာကတော့ ဆီဗက်စတိုပိုလ် စခန်းဟာ ကာလီဘာဒုံးကျည်တွေကို သိုလှောင်ရာ၊ သယ်ဆောင်ရာ နေရာတခုဖြစ်နေတာ လို့လည်း ဆိုပါတယ်။
အခုတော့ သူတို့ဟာ နိုဗိုရော့စီးစ်ခ်မှာ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြတယ်လို့လည်း ပြောပါတယ်။
ဆီဗက်စတိုပိုလ် အခြေစိုက်စခန်းဟာ ရုရှားအတွက် တခြားအရေးကြီး လုပ်ငန်းဆောင်တာတွေ အကြားမှာ ပြုပြင်ရေး၊ ထိန်းသိမ်းရေး၊ လေ့ကျင့်သင်ကြားရေးနဲ့ ခဲယမ်းသိုလှောင်ခြင်းအတွက် ထောက်ပံ့ပို့ဆောင်ရေး အချက်အချာလည်း ဖြစ်ပါတယ်။
“ဒါတွေကို ဆယ်စုနှစ်ချီ တည်ထောင်ထားခဲ့တာ ဖြစ်ပြီးတော့ အခု ဒီအချက်အချာကို ဆုံးရှုံးလိုက်ရတာ သိသာပါတယ်" လို့ ရေတပ်ဦးစီးချုပ် နေ့ဇ်ပါးပါးက ဇူလိုင် ၇ ရက် ယူကရိန်းရေတပ်နေ့ မတိုင်ခင် အိုဒက်ဆာ ဆိပ်ကမ်းမြို့က ရှားရှားပါးပါး တွေ့ဆုံမေးမြန်းခန်း တခုမှာ ရိုက်တာကို ပြောပါတယ်။
ပင်လယ်နက်မှာ ယူကရိန်းရဲ့ အနာဂတ် အစီအစဉ်တွေမှာ ဘာတွေပါဝင်မယ် ဆိုတာကိုတော့ ပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။
နေ့ဇ်ပါးပါးရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာရဲ့ တောင်းဆိုချက်ကို ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက တုံ့ပြန်ခြင်းမရှိပါဘူး။
Source-Reuters