ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေတာကြောင့်ဆိုပြီး လမ်းဘေးဆိုင်တွေ ပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်တာများနေပြီး မနေ့ညက လမ်းဘေးဆိုင်တွေမထွက်ဖို့ ရပ်ကွက်အတွင်း အသံချဲ့စက်နဲ့ လိုက်အော်သတိပေးခဲ့တာလို့ ဆိုပါတယ်။
သာကေတမြို့ခံတဦးက “ညကမှ လိုက်အော်သတိပေးတော့ ဒီမနက်ဆိုင်ဖွင့်ဖို့ ပြင်ဆင်ထားသူတွေ အလကားဖြစ်ကုန်တာပေါ့။ ဒီမနက်တော့ လမ်းဘေးဆိုင်တွေမထွက်ဘူး။ လမ်းမှာတော့ ပုံမှန်သွားလာနေကြတယ်” လို့ ပြောပါတယ်။
အဲဒီလို ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ရပ်ကွက်တချို့မှာ လူသေဆုံးမှုတွေရှိတယ်ဆိုပြီး သတင်းတွေထွက်နေပေမဲ့ DVB က သီးခြားအတည်ပြုမရသေးပါဘူး။
"၁ ရပ်ကွက်က စတာတဲ့ ၂ ယောက်၊ ၃ ယောက်သေတယ်ဆိုပြီး ကြားတာပဲ။ အိမ်မှာ ကလေးငယ်က ရေကျောက်ပေါက်ပြီး နေမကောင်းဖြစ်နေတော့ စိုးရိမ်နေရတာပေါ့” လို့ ဒေသခံတဦးက ပြောပါတယ်။
အခုလို ဝမ်းပျက်၊ ဝမ်းလျှောရောဂါမှာ သာကေတအပြင် ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာလည်း ဖြစ်နေတာလို့ ဆရာဝန်တချို့က ဆိုပါတယ်။
အဲဒီရောဂါလက္ခဏာကြောင့် ဆေးခန်းတွေမှာ လာရောက်ကုသသူတွေ များနေတယ်လို့လည်း ကိုယ်ပိုင်ဆေးခန်းဖွင့်ထားသူတွေက ဆိုပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှ အထွေထွေရောဂါကုဆရာဝန်တဦးက “မိုးရာသီမှာ ဖြစ်တတ်တဲ့ သဘောရှိတယ်။ ဘယ်လိုရောဂါမျိုးစိတ်လဲဆိုတာကတော့ သက်ဆိုင်ရာက ကြေညာမှ သိနိုင်မယ်။ ဒီအချိန်မှာ တကိုယ်ရေသန့်ရှင်းမူနဲ့ အစားအသောက်တွေကို သတိထားစားသုံးဖို့ အရေးကြီးတယ်” လို့ ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ရှင်းလင်းသတိပေးတာ မရှိသေးပါဘူး။
အင်တာနက် လူမူကွန်ရက်တွေမှာတော့ အရေးပေါ်သတိပေးချက်ဆိုကာ ရန်ကုန်တိုင်း ဒေသကြီးမှာ ကာလဝမ်းရောဂါ (Cholera) ပျံ့နှံ့မှု စတင်နေတာကို တွေ့ရတယ်လို့ ရေးသားဖြန့်ဝေတာတွေ ရှိနေပါတယ်။