နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ် ၂၅ နှစ် ကျခံနေရတဲ့ ရုရှားအတိုက်အခံ နိုင်ငံရေးသမား ဗလာဒီမာ ကာရာမျူဇာကို ထောင်ဆေးရုံကို ပြောင်းရွှေ့လိုက်ကြောင်း သူ့ဇနီးက ပြောကြားလိုက် ပါတယ်။
ရုရှားအတိုက်အခံ နိုင်ငံရေးသမား ဗလာဒီမာ ကာရာမျူဇာကို လုံခြုံရေး မြင့်မားတဲ့ အွန့်မ်စ်ခ် ရာဇဝတ်အကျဉ်းထောင်ကနေ အမှတ် ၁၁ နယ်မြေ အကျဉ်းထောင်ဆေးရုံကို ပြောင်းရွှေ့လိုက်ကြောင်းနဲ့ သူ့ရှေ့နေတွေနဲ့လည်း တွေ့ခွင့်မရကြောင်း သူ့ရဲ့ဇနီး အဗ်ဂျီးနီးယားက ဇူလိုင် ၅ ရက်က X လူမှုမီဒီယာမှာ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။
သူ့ကို ကြာသပတေးနေ့ညနေပိုင်းက အွန့်မ်စ်ခ် အကျဉ်းထောင်ဆေးရုံကို လွှဲပြောင်းပေးခဲ့တယ်လို့ ဇနီးဖြစ်သူက ပြေပေမဲ့ သူ့အခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။
သူ့ရှေ့နေတွေဟာ သူ့ကိုတွေ့ရဖို့ ၅ နာရီကြာ စောင့်ဆိုင်းခဲ့ပေမဲ့ တွေ့ခွင့်ကို ငြင်းပယ်ခံခဲ့ရတယ် လို့ အဗ်ဂျီးနီးယားက ပြောပြပါတယ်။
ကာရာမျူဇာဟာ အဆိပ်ခတ်ဖို့ကြိုးပမ်းမှု ၂ ကြိမ် ကြုံခဲ့ရတာကနေ အသက်ရှင် ကျန်ရစ်ပြီးနောက် ပိုလီနျူရိုပသီ လို့ခေါ်တဲ့ ခန္ဓာကိုယ်အနှံ့ရှိ အာရုံကြောများစွာကို တပြိုင်နက်တည်း ချို့ယွင်းသွားတဲ့ အခြေအနေကို ခံစားနေရပြီး ထောင်ထဲမှာ သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ထပ်ခါတလဲလဲ ပြောဆိုခဲ့ဖူးတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။
ရုရှားနဲ့ ဗြိတိန် နိုင်ငံကူးလက်မှတ်တွေကို ကိုင်ဆောင်ထားတဲ့ အသက် ၄၂ နှစ်အရွယ် မော်စကိုနွယ်ဖွား ကာရာမျူဇာဟာ ယူကရိန်းမှာ ရုရှားရဲ့ ကျူးကျော်စစ်ပြုမှုကို အကြိမ်ကြိမ်ရှုတ်ချခဲ့ပြီး မော်စကိုအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ တောင်းဆိုခဲ့ပြီးနောက်မှာ ထောင်ဒဏ် ချမှတ်ခံခဲ့ရတာပါ။
ကာရာမျူဇာ ကို ၂၀၂၂ ခုနှစ် ဧပြီလမှာ ဖမ်းဆီးခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပတ်သက်တဲ့ သတင်းမှားတွေကို ဖြန့်တဲ့ "နိုင်ငံခြားအေးဂျင့်" အဖြစ် ကြေညာခံခဲ့ရပါတယ်။ အဲဒီအစောပိုင်းမှာ CNN က ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးတစ်ခုထဲမှာ ရုရှားနိုင်ငံကို “လူသတ်သမား အစိုးရ” က အုပ်ချုပ်နေတယ်လို့ သူက ပြောခဲ့တာ ဖြစ်ပါတယ်။
Source-Reuters