သံဃာတော်တွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီကို ရဟန်းသံဃာတော်တွေက ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေကြတာမှာ နိုင်ငံတဝန်းမြို့နယ် ၂၁ မြို့နယ်အထိရှိလာပြီ ဖြစ်ပါတယ်။
စစ်ကောင်စီကိုထောက်ခံနေတဲ့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဟန်းသံဃာတွေနဲ့ ဝန်းရံသူတွေအနေနဲ့လည်း အခြေအနေမှန်ကို နားလည်လက်ခံပြီး ပြည်သူနဲ့ပူးပေါင်းကြဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌက ဦးမြင့်ထွေးက တိုက်တွန်း လိုက်ပါတယ်။
“အမျိုးဘာသာ သာသနာ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖွဲ့ထားတဲ့ မဘသတွေကိုလည်း ကျနော်တို့က ပြောချင်တာက၊ ကိုယ့်ဘာသာမှ ကိုယ့်ဘာသာမထိနဲ့၊ ထိရင် သူတို့ ကြွေးကြော်ထားတဲ့အတိုင်းပေါ့နော်၊ ဓားကြည့်တို့၊ အရိုးခြံစည်းရိုးထိုးမယ်လို့ ပြောတာ ဗုဒ္ဓရဲ့ အလိုအကျလား ဆိုတာ သေချာစဉ်းစားစေချင်ပါတယ်ဗျ။ လက်ရှိ ရှိတဲ့အခြေအနေပေါ်မှာ သဘောပေါက်သင့်ပြီ။ စစ်ကောင်စီအနေနဲ့ ခု ဆရာတော်ဘုရားနဲ့ အခြေအနေကြည့်မယ်ဆိုရင် သူတို့ ကျူးလွန်တဲ့ ပြစ်မှု အမှားတခုကို ဖုံးဖို့အတွက် နောက်ထပ်အမှားတခုကို ထပ်မှားတဲ့ ဒီလို စိတ်ဓာတ်ရှိတဲ့လူကို ကျနော်တို့ ဆက်လက်ထောက်ခံပေးဖို့ လိုမလား၊ မလိုဘူးလားဆိုတာကို တဖက်ပိတ် ထောက်ခံသူတွေကို ကျနော်တို့ ပြောချင်ပါတယ်။"
ဇွန် ၂၃ ရက်ကနေ ဇူလိုင် ၄ ရက်အထိ ရထားတဲ့ စာရင်းအရ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်နေကြတဲ့ မြို့နယ်တွေကတော့ စစ်ကိုင်းတိုင်းထဲက ချောင်းဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီး၊ စစ်ကိုင်း၊ မုံရွာ၊ ဝက်လက်၊ အရာတော်၊ ဘုတလင်၊ မြင်းမူ၊ ကနီ၊ ရေဦး စတဲ့မြို့နယ် ၁၂ ခု၊ မကွေးတိုင်းထဲက မြိုင်၊ ပခုက္ကူ၊ ပေါက်နဲ့ဆိပ်ဖြူ ၄ မြို့နယ်၊ မန္တလေးတိုင်းထဲက နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာ ၃ မြို့နယ်၊ တနင်္သာရီတိုင်းထဲက ထားဝယ်နဲ့ သရက်ချောင်း ၂ မြို့နယ်၊ စုစုပေါင်း တိုင်းနဲ့ပြည်နယ် ၃ ခုက မြို့နယ်ပေါင်း ၂၁ ခု ပါဝင်ပါတယ်။
သံဃသမဂ္ဂ(မန္တလေး) ကလည်း နိုင်ငံတဝန်းရှိ သံဃာ့သပိတ်တွေကို ထောက်ခံအားပေးပြီး ပူးပေါင်းပါဝင်ကြောင်း ဇူလိုင် ၅ ရက်မှာ ကြေညာထားပါတယ်။
ရဟန်းတို့အား လာဘ်တိတ်အောင် လာဘ်မရအောင် ပြုခြင်း၊ အကျိုးမဲ့ဖြစ်အောင် ပြုခြင်း၊ နေမြဲကျောင်းကန်၌ မနေနိုင်အောင် ပြုခြင်း၊ ရဟန်းသံဃာကို ဆဲရေးခြင်း၊ ရဟန်းချင်း ဂိုဏ်းကွဲအောင်ပြုခြင်း စတဲ့အချက်တွေပါဝင်တဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ထိုက်တဲ့ အချက်အင်္ဂါ ၈ ပါး ရှိပြီး ဝိနည်းတော်အရ ဒီအကြောင်းတရား ၈ ခုကြောင့် သပိတ်မှောက်ကံ ဆောင်နိုင်တယ်လို့ ဗုဒ္ဓမြတ်စွာဘုရားက သံဃာတွေကို ခွင့်ပြုခဲ့တာပါ။
သပိတ်မှောက်လိုတဲ့ ပုဂ္ဂိုလ်ကို ၄ ပါးထက်မနည်းတဲ့ ရဟန်းတွေက ဝိနည်း သုတ္တံဒေသနာတွေနဲ့အညီ သိမ်မှာကမ္မဝါဖတ်ပြီး ပတ္တနိက္ကုဇ္ဇန ကံဆောင်ကြရတာဖြစ်ပါတယ်။
ရေဦးဆရာတော်က “ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းအင်္ဂါ ၈ ပါး၊ တပါးပါးငြိလို့ရှိရင် ဆောင်ရပါတယ်။ သုတ္တံဒေသနာအရ ၈ ရပ်ထဲမှာ သူတို့ဟာက ဇွန်လ ၁၉ ရက်နေ့က ဝင်းနိမ္မိတာရုံ ဆရာတော်ဘုရား ကျည်ခပြီးတော့ လွန်တော်မူရတယ်ဆိုတော့ အကျိုးမဲ့ရုံတင် မကဘူး အသက်ပါပျောက်သွားတယ်။ မင်းအောင်လှိုင် ဦးစီးတဲ့ စစ်တပ်တတပ်လုံးသည် သပိတ်မှောက်ကံပြုအပ်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ဒါကြောင့် ဦးပဉ္စင်းတို့ သပိတ်မှောက်ပါတယ်။ ငါတို့တိုင်းပြည်မှာ ဒီလိုပုဂ္ဂိုလ်က သူ့ကိုယ်သူ မင်းလုပ်နေတယ်ဆိုတော့ တိုင်းပြည်မှာရှိနေတဲ့ ဝေနေယျလူပုဂ္ဂိုလ်တွေ ဆန် ရေ စပါး ပေါကြွယ်ဝမှုမှ ဖြစ်ကြပါ့မလား၊ စိုးရိမ်မိတာပေါ့ဗျာ။ အဲ့ဒီတော့ ဒီလိုပုဂ္ဂိုလ်ကို ဒီလိုထားနေလို့ရှိရင်တော့ အဆင်မပြေဘူး၊ ဒီတော့ သံဃာ့ကံဆောင်၍ ပတ္တနိက္ကုဇ္ဇနကံတော့ ကမ္မဝါဖတ်ပြုလုပ်မှ သင့်တော်မယ်လို့ အတွေးအခေါ်မျိုးလေး ဖြစ်မိတယ်ဗျ၊ ဖြစ်မိတဲ့အတိုင်း လက်တွေ့အလုပ်လုပ်ပါတယ်”လို့ မိန့်ပါတယ်။
ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်တော်မူတဲ့ကိစ္စကို နိုင်ငံတဝန်းသံဃာတွေက မကျေနပ်ကြပေမဲ့ စစ်ကောင်စီက ရန်ပြုလာနိုင်တာကို စိုးရိမ်ကြောက်ရွံ့ပြီး ကံဆောင်သပိတ်မှာ တရားဝင် မပါဝင်နိုင်ဘဲ တိတ်တဆိတ်နေရတဲ့အခြေအနေတွေလည်း ဖြစ်ပေါ်နေတာပါ။
စစ်ကောင်စီက မြို့ကြီးတွေက စာသင်တိုက်သံဃာတွေ စုဝေးမှုမဖြစ်အောင် လူစုခွဲချင်တာ၊ သပိတ်မှာ မပါဝင်အောင် ဖိအားပေးတာတွေလည်း ရှိနေတယ်လို့ သပိတ်မှောက်ဦးဆောင် သံဃာတွေက မိန့်ပါတယ်။
စစ်ကိုင်းနယ်ခံနိုင်ငံရေးသမား ကိုစိုးဝင်းဆွေက “သံဃာတော်တွေကို လူစုခွဲလိုက်ရုံနဲ့ သာသနာရေးကို ကိုယ်ကျိုးအတွက် အသုံးချမှုတွေအပေါ်မှာ မျက်စိလည်ပြီးတဲ့အခါကျတော့ ဒီကိစ္စအပေါ်မှာ သံဃာတော်တွေက အလျှော့ပေးလိမ့်မယ်လို့တော့ ကျနော် မထင်ဘူးဗျ။ ထေရ်ကြီးဝါကြီး စာတတ်အကျော်အမော်ပုဂ္ဂိုလ်တွေတောင်မှ ထင်သလို ပစ်ခတ် သတ်ဖြတ်နေတဲ့အခါကျတော့ ဒီမင်းအောင်လှိုင်လက်ထက်မှာ သာသနာရေးကလည်း ညှိုးနွမ်း မှေးမှိန်နေမှာပဲပေါ့။ ဒါကိုလည်း သံဃာထုက သိရှိပြီးသားဖြစ်တယ်ဗျ။ ဒါကြောင့်လည်း သူ့ဘာသူ ဘယ်လိုပဲ လူစုခွဲပါစေ၊ ဘယ်လိုပဲ ဖိအားပေးပါစေ၊ ဒီလိုလုပ်ခြင်းဟာ စစ်တပ်ကို ခုခံတွန်းလှန်ဖို့အတွက် အင်အားတခုတော င်ဖြစ်လာနိုင်တယ်လို့ ကျနော် ထင်မြင်ပါတယ်”လို့ ပြောပါတယ်။
ဇွန် ၁၉ ရက်နေ့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဟောင်း ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ မန္တလေးမှာ ကျင်းပမယ့် ရွှေကျင်နိကာရသံဃအစည်းအဝေးတက်ဖို့ သွားရောက်စဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့ပါတယ်။
ဆရာတော်ကြီးပျံတော်မူသွားပြီးတဲ့နောက် ဇွန် ၂၃ ရက်မှာ ချောင်းဦးမြို့နယ်က သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနသပိတ်မှောက်ကံဆောင်မှုစတင်ခဲ့တာဖြစ်ပြီးအခုဆိုရင် ပြည်တွင်းရှိ မြို့နယ် ၂၁ မြို့နယ်က သံဃာတော်တွေသာမက အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးရောက် သံဃာတွေက လည်း စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံပြုပြီး သပိတ်မှောက်နေကြပါတယ်။
သုတချမ်းသာ