Home
မြန်မာသတင်း
စစ်ကိုင်းနှင့် မြောင်တွင် ရဲစခန်းများ တိုက်ခိုက်ခံရ
DVB
·
July 7, 2024
Photo - Urban Hunter Force - UHF

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေရဲစခန်း၊ မြောင်မြို့နယ်က မြို့မရဲစခန်းနဲ့ ကျောက်ရစ် ရဲစခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ ရဲ ၁ ယောက်၊ ပျူစောထီး ၁ ယောက် သေဆုံးခဲ့ပါတယ်။

မင်းကွန်းနယ်မြေရဲစခန်းကို ဇူလိုင် ၆ ရက်နေ့ ညနေ ၆နာရီ ကျော်အချိန်က ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေ တိုက်ပွဲကြား ပိတ်မိနေသလို တချို့လည်း ထွက်ပြေးကြတယ်လို့ မင်းကွန်းဒေသခံတွေဆီကနေ သိရပါတယ်။

မင်းကွန်း စစ်ဘေးရှောင်ပြည်သူတယောက်က “တိုက်ပွဲက စစ်ကောင်စီလက်‌အောက်ခံ ရဲစခန်းရှိ‌တော့ ကာကွယ်ရေးတပ်တွေက လာလာတိုက်ကြတာရှိတယ်။ သူတို့တိုက်ပွဲဖြစ်တိုင်း ဘေးလွတ်ရာကို ရှောင်ကြရတယ်။ အခုလည်း တိုက်ပွဲဖြစ်‌နေလို့ ရွာကနေ ရှောင်ခဲ့ကြရတယ်။ တိုက်ပွဲဖြစ်တိုင်း စစ်ဘေးရှောင်တဲ့သူတွေလည်းရှိသလို မရှောင်ဘဲရွာထဲမှာ ကိုယ့်အိမ်ထဲကို တံခါးပိတ် နေကြသူတွေလည်း ရှိတယ်။ တိုက်ပွဲဖြစ်ပြီး ရွာထဲမှာ ဘာတွေဖြစ်ပြီး၊ ဘာတွေ ပျက်စီးမလဲတော့ သေသေချာချာ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။

စစ်သား၊ ရဲနဲ့ ပျူအင်းအား စုစုပေါင်း ၄၃‌‌ ယောက်ရှိတဲ့ မင်းကွန်းတိုက်နယ်စခန်းကို ဝက်လက်နယ် ဗိုလ်ကျားကြီးအဖွဲ့က ဦးဆောင်ပြီး ရွှေဘိုခရိုင်အမှတ် ၁၈ တပ်ရင်း တပ်ခွဲ ၄ BO-TIGER (ဗိုလ်ကျားကြီး)တပ်ဖွဲ့၊ တောဒေါင်းနီ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဘီလူးညီနောင် -ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့  တော်လှန်ရေးအင်အားစုတွေက ပါဝင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗိုလ်ကျားကြီးက “အစီအစဉ်ကတော့ စခန်းသိမ်းဖို့အထိ စီစဉ်ခဲ့တာဗျ။ ကျည်အင်အား မလုံလောက်တာမို့ စခန်းအနီးအထိရောက်မှ နောက်ပြန်ဆုတ်ခဲ့ရတယ်။ သူတို့ဘက်ကလည်း မတ္တရာမြို့နယ် နန်းတော်ကျွန်း၊ သုံးဆယ်ဘေးမှာရှိတဲ့ အထိုင်စခန်းနေ လက်နက်ကြီးပစ်ကူ ပေးတာတွေရှိခဲ့တယ်။ တိုက်ပွဲအတွင်း အကျအဆုံးကတော့ စစ်ကောင်စီဘက်က ရဲ ၁ ဦးနဲ့ ပျူ ၁ ဦး သေဆုံးတယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး” လို့ ပြောပါတယ်။

မင်းကွန်းနယ်မြေခံရဲစခန်းကို ၂၀၂၄ ခုနှစ် မေ ၁၉ ရက်နေ့ကလည်း ကာကွယ်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းနဲ့ ကျောက်ရစ်ရဲစခန်းတို့က စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၅ ရက် မနက်အစောပိုင်းမှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Urban Hunter Force - UHF ဆီကနေ သိရပါတယ်။

UHF အဖွဲ့ရဲ့ တာဝန်ခံတယောက်က “စစ်သားတွေတပ်စွဲထားတဲ့ မြောင်မြို့မရဲစခန်းကို ဗုံးကြဲတိုက်ခိုက်ချိန် ၁ နာရီခွဲအတွင်းမှာ Shar Htoo Waw နည်းပညာသုံး တိုက်ခိုက်ရေး Fixed Wings Drone နဲ့ 1.5 kg AIR BOMB ၁၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ရဲစခန်းထဲက အဆောက်အဦတွေပျက်စီးသွားပြီး စစ်သားတွေ ထိခိုက်သေဆုံးတာကို သတင်းပေးချက်အရသိရပြီး အတိအကျသိရဖို့တော့ စုံစမ်းနေတယ်လို့လည်း HHF ရဲ့ ပြောခွင့်ရှိသူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် နေ့လယ်ပိုင်းကလည်း မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကနေထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ 1.5 kg AIR BOMB ၁ လုံး ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း Urban Hunter Force - UHF၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း Meikhtila Special Defence Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ မြောင်မြို့မရဲစခန်းကို DVB က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုမယ့်သူ မရှိပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013