မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်မှာ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းအဖွဲ့ဆီကနေ သိရပါတယ်။
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်မှာရှိတဲ့ PDF ဂိတ်တွေနဲ့ မွန်ပြည်သစ် AD ဂိတ်ကို စစ်ကောင်စီတပ်သားတွေက ဇူလိုင် ၄ ရက်နေ့ မွန်းလွဲ ၁ နာရီကနေစပြီး ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ခမရ ၁၀၂၊ ခလရ ၃၂ နဲ့ တိုင်းတပ် အင်အား ၇၀ နဲ့တပ်စွဲထားတဲ့ စံပယ်ဂူတံတားနားက စစ်ဆေးရေးဂိတ်ကို ည ၇ နာရီကစပြီး ဒရုန်းနဲ့တန်ပြန်တိုက်ခိုက်ခဲ့ပါတယ်။
စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သား ၃ ယောက် ထက်မနည်းသေဆုံးပြီး ၄ ယောက် ထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ ဂဠုန်စစ်ကြောင်း Drone Team (GD2) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“နေ့လယ် ၁ နာရီကနေ ၅ နာရီအထိ ဒရုန်းနဲ့ မွန်ပြည်သစ် AD ဂိတ်တို့၊ PDF ဂိတ်တွေကို ဒရုန်းနဲ့ထုနေတာ။ ကျနော်တို့ ပထမ mission လုပ်ဖို့ အစီအစဉ်မရှိဘူး။ သူတို့ဘက်က တောက်လျှောက် ထုနေလို စံပယ်ဂူတံတားနားက စစ်တပ်ဂိတ်ကို မဟာမိတ်တွေနဲ့ပေါင်းပြီး သွားပစ်ခဲ့တာ။ ထိခိုက်မှုက စစ်သား ၃ ဦး သေပြီး ၄ ဦး ဒဏ်ရာရတယ်။ စာရင်းက ကျနော် လုံးဝအတည်ပြုနိုင်တဲ့စာရင်းပါ။ ဒီထက်ပို ကျဆုံး ထိခိုက်ဒဏ်ရာရနိုင်ပါတယ်။ သူတို့ဘက်က ပစ်တာတွေက အရပ်သားတွေရော ကျနော်တို့အဖွဲ့ကရော ထိခိုက်မှုမရှိပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က မွန်းလွဲပိုင်းက ဒရုန်းနဲ့ဗုံးသီး ၁၅ လုံးချတိုက်ခိုက်တာအပြင် ည ၉ နာရီလောက်မှာလည်း ရေတပ်နဲ့မြေပြင်တပ်က ၁၀၅ မမ ဟောင်ဝစ်ဇာ ၁၀ လုံးနဲ့ ၆၀ မမ ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်က ဒရုန်းနဲ့တိုက်ခိုက်ရာမှာ လူထိခိုက်မှုမရှိပေမယ့် ကော့ပနာလမ်းဆုံမှာရှိတဲ့ နေအိမ် ၄ လုံး ထိခိုက်ပျက်စီးတာတွေရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
မွန်တော်လှန်ရေးအဖွဲအစည်းတွေအနေနဲ့ အဆင်သင့်ဖြစ်နေပြီးဖြစ်တဲ့အတွက် မွန်-ကရင် အစပ်တင် မကဘဲ မကြာမီမှာ မော်လမြိုင်အထိ ထိုးစစ်တွေဆင်သွားတော့မယ်လို ဂဠုန်စစ်ကြောင်း ဒရုန်းအဖွဲ့ တာဝန်ခံက ပြောပါတယ်။
တိုက်ခိုက်မှုကို ဂဠုန်စစ်ကြောင်း ဒရုန်းအဖွဲ့၊ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၃ ဒရုန်းအဖွဲ့၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) နဲ့ Lion Battalion တပ်ခွဲ ၃ အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
ကျားဖြူတပ်ခွဲ ၃ ဒရုန်းတပ်ဖွဲ့နဲ့ ဂဠုန်စစ်ကြောင်း ဒရုန်းအဖွဲ့တို့ဟာ မွန်-ကရင်အစပ်မှာ ဒရုန်းမစ်ရှင်တွေ ဆက်တိုက်ဖော်ဆောင်နေရတဲ့အတွက် ဒရုန်းဘက်ထရီတွေ error ဖြစ်ပြီး စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်ဖို့ အခက်အခဲ ဖြစ်နေတာကြောင့် ဘက်ထရီ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဂဠုန်စစ်ကြောင်း ဒရုန်းအဖွဲ့ တာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကလည်း ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၆ ယောက် သေဆုံးခဲ့ပါတယ်။