ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောအလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဇူလိုင် ၆ ရက် မွန်းတည့် ၁၂ နာရီလောက်က လက်ဖက်ရည်ဆိုင်မှာ သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ချထားကာ စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
ပစ်သတ်ခံရတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်စိုးဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို စုံစမ်းပြီး စစ်ကောင်စီထံ သတင်းပေးဖမ်းဆီးခိုင်းသူအဖြစ် နာမည်ကြီးသလို စစ်မှုထမ်း ဆင့်ခေါ်ရေးအတွက် ထွေအုပ်နဲ့ပေါင်းကာ ရပ်ကွက်အတွင်းရှိ လူငယ်တွေကို စစ်ကြောရေးကို ပို့ဆောင်သူဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက DVB ကိုပြောပါတယ်။
စစ်အာဏာမသိမ်းခင်က အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရဲ့ သတင်းပေးတဦးဖြစ်တဲ့ ဦးခင်စိုးကို စစ်တပ်က အုပ်ချုပ်ရေးမှူးခန့်ကာ မြို့နယ်အတွင်း နိုင်ငံရေးလှုပ်ရှားမှုသတင်းတွေကို စုံစမ်းခိုင်းခဲ့ တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးကလည်း ပြောပါတယ်။
“သူ့ကို ဧည့်စာရင်းကိစ္စတွေ၊ စစ်မှုထမ်းကိစ္စတွေ၊ သတင်းပေးကိစ္စတွေကြောင့် မကျေနပ်တဲ့သူ အများကြီး သတိထားနေဖို့ ပြောရင်းဖြစ်တာ စစ်တပ်က ပစ်သွားတဲ့ ကျည်ခွံတွေ ယူသွားတယ်။”
ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်တပ်နဲ့ ရဲတွေက ဗဟိုလမ်း၊ ဖျာပုံလမ်းနဲ့ မြေနီကုန်းအထိ လူခွဲကာ ပစ်ခတ်သူကို ပိတ်ဆို့ရှာဖွေပေမဲ့ မတွေ့တာကြောင့် လူစည်းကားရာလမ်းဆုံတွေမှာ ဖုန်းတွေနဲ့ လွယ်အိတ်တွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ဗဟိုလမ်းနဲ့ ဖျာပုံလမ်းထောင့်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့အချိန် ပစ်ခံရတာ။ ပွဲချင်းပြီးပဲ။ စစ်တပ်က သူ့လူကိုထိတော့ တနေ့လုံး ပိုက်စိပ်တိုက်ရှာပြီး စစ်တာ”လို့ ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးခင်စိုးကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ FreeFreeland Attack Force (FLA) က ပစ်ခတ်ရှင်းလင်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း စမ်းချောင်းမြို့နယ်က အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတချို့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သလို စစ်တပ်က ပစ်ခတ်လို့ အရပ်သားပြည်သူ တချို့သေ ဆုံးခဲ့တာလည်း ရှိပါတယ်။