အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းဟာ ပြိုင်ဘက်နာပိုလီကွင်းလယ်လူ ဇယ်လင်စကီးကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။
ပိုလန်ကွင်းလယ်ကစားသမားဟာ နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အင်တာမီလန်အသင်းဆီကို အလွတ်ပြောင်းရွှေ့သွားခဲ့တာပါ။
အသက် ၃၀ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ နာပိုလီအသင်းမှာ ၂၀၁၆ ခုနှစ်ကတည်းက စတင်ကစားခဲ့ပြီး ပွဲပေါင်း ၃၆၄ ပွဲကစားခဲ့သူပါ။
အင်တာအိမ်ကွင်း ဆန်စီရိုက အီတလီမှာ အကောင်းဆုံးဘောလုံးကွင်းဖြစ်ပြီး ပရိသတ်တွေကို ပျော်ရွှင်မှုရရှိစေဖို့ အစွမ်းကုန်ပေးဆပ်ကစားသွားမယ်လို့ စာချုပ်ချုပ်ဆိုအပြီးမှာ ဇယ်လင်စကီးက ပြောပါတယ်။
အင်တာမီလန်အသင်းက အကောင်းဆုံးအသင်းတသင်းဖြစ်ပြီး အပြောင်းရွှေ့ ဖြစ်မြောက်ခဲ့တဲ့အပေါ် ဂုဏ်ယူမိကြောင်း ဇယ်လင်စကီးက ပြောသွားပါတယ်။