တရုတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ရေချိုကန်က တမံတစိတ်ပိုင်း ကျိုးပေါက်ခဲ့ပြီးတဲ့နောက် စနေနေ့ မွန်းလွဲပိုင်းမှာ ကယ်ဆယ်ရေးသမားတွေက ပြိုကျနေတဲ့အပိုင်းကို စတင်ပိတ်ဆို့ခဲ့ပြီး စနေနေ့ မွန်းလွဲပိုင်းမှာ ပေ ၇၄၀ ကျော်ရှည်တဲ့ တာတမံကျိုးပေါက်ခဲ့လို့ ကျောက်တုံးတွေ ပစ်ချပြီး ပြန်ဖြည့်ဖို့ ပြင်ဆင်ခဲ့ပါတယ်။
တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်က တုံးတင်ရေကန်ကြီးရဲ့ တမံဟာ ဇူလိုင် ၅ ရက် ညနေ ၆ နာရီလောက်က ကျိုးပေါက်ခဲ့တာပါ။ အရေးပေါ် ပြုပြင်ပေမယ့် မအောင်မြင်လို့ ယွဲ့ယန်မြို့ ဧရိယာအတွင်း ရေလွှမ်းခဲ့ပါတယ်။
ကနဦး ကျိုးပေါက်မှုက ပေ ၃၀၀ လောက်ပဲ ကျယ်ပေမယ့် နောက်ပိုင်းမှာ ကျိုးပေါက်တဲ့ ဧရိယာက ကျယ်လာခဲ့တာပါ။
တမံပြိုကျပြီးတဲ့နောက် ရာချီတဲ့ ကယ်ဆယ်ရေးသမားတွေ၊ ယာဉ်တွေ၊ လှေတွေနဲ့ တခြားပစ္စည်းတွေကို အခင်းဖြစ်ပွားရာနေရာဆီ ပို့ဆောင်ခဲ့ပြီး အနီးပတ်ဝန်းကျင်က ခရိုင်တွေ၊ မြို့တွေ ဖြစ်တဲ့ ချောင်ဒု၊ ယိယန်နဲ့ ချန်းရှ မြို့တို့ကနေ စုထားတဲ့ ကျောက်တုံးတန်ချိန် ၅၅,၆၀၀ ကို တမံကျိုးတဲ့နေရာကို ဖြည့်ဖို့ ပေးပို့ခဲ့ပါတယ်။
သောကြာ ည ၁၀ နာရီမှာတော့ ရေဘေးသင့်ပြည်သူ ၅,၀၀၀ ကို ဘေးကင်းတဲ့နေရာဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ပိတ်မိနေသူတွေနဲ့ အသေအပျောက် စာရင်းကို ချက်ချင်း သတင်းထုတ်ပြန်တာ မရှိပါဘူး။
တွမ်ဘေးရွာနားက ရေဘေးသင့် ဧရိယာဟာ စတုရန်းကီလိုမီတာ ၅၀ လောက် ကျယ်တယ်လို့ တရုတ်အစိုးရ မီဒီယာ CCTV က သတင်းထုတ်ပြန်ပါတယ်။ ဒီနေရာဟာ ၁၉၉၆ ခုနှစ်တုန်းကလည်း ဆည်ကျိုးပေါက်တာကို ကြုံတွေ့ခဲ့ရဖူးပါတယ်။
ဇွန် ၁၆ ရက်ကစပြီး ဟူနန်ပြည်နယ် ဒေသအချို့မှာ သမိုင်းဝင်ရေလွှမ်းမိုးမှု စံချိန်ဟောင်းတွေကို ချိုးဖျက်ပြီး စံချိန်သစ်တင်ခဲ့ပါတယ်။ ဒီနှစ်အတွက် အပြင်းထန်ဆုံး မိုးရွာသွန်းမှုကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။
Source-Reuters