စစ်အာဏာသိမ်းထားတဲ့ အနောက်အာဖရိက သုံးနိုင်ငံဖြစ်တဲ့ နိုင်ဂျာ၊ မာလီ နဲ့ ဘာကီနာဖာဆို စစ်ခေါင်းဆောင်တွေဟာ ဇူလိုင် ၆ ရက်နေ့မှာ သုံးနိုင်ငံကွန်ဖက်ဒရေးရှင်း သဘောတူစာချုပ်ကို လက်မှတ်ထိုးလိုက်ပါတယ်။
ဆာဟဲလ်ဒေသ နိုင်ငံများမဟာမိတ်အဖွဲ့ (AES) လို့ အမည်ပေးထားတဲ့ သုံးနိုင်ငံအဖွဲ့ရဲ့ ပထမဆုံးထိပ်သီးဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဒါဟာ သူတို့သုံးနိုင်ငံ ဒီမိုကရေစီစနစ်ကို ပြန်သွားဖို့ ဖိအားပေးနေတဲ့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုက်အဝန်း (ECOWAS) (အီကိုဝက်စ်) ကို ဂရုမစိုက်ဘူးလို့ အတိအလင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်။
၂၀၂၀ ကနေ ၂၀၂၃ ခုနှစ်အတွင်း ဒီသုံးနိုင်ငံမှာ အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသတွင်းမဟာမိတ်တွေနဲ့ရော အနောက်အင်အားကြီးတွေနဲ့ပါ ဆက်ဆံရေး ဆိုးရွားခဲ့ရပါတယ်။
နိုင်ဂျာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာမန်နီ တီယန်နီက ဒီထိပ်သီးဆွေးနွေးပွဲဟာ နိုင်ငံအချုပ်အခြာအာဏာကို ပြန်လည်ရယူဖို့ ဘုံဆုံးဖြတ်ချက်တွေ စုပေါင်းပြီး ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကွန်ဖက်ဒရေးရှင်းဖွဲ့ဖို့ စာချုပ်ချုပ်လိုက်တာဟာ သူတို့ နုတ်ထွက်ထားတဲ့ ECOWAS အဖွဲ့ထဲကို ပြန်မဝင်တော့ဘူးလို့ အတိအလင်း ကြေညာလိုက်တဲ့သဘောလည်း သက်ရောက်ပါတယ်။
အဖွဲ့ဝင် ၁၅ နိုင်ငံပါ ECOWAS အဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တရက်အလိုမှာ အခုလို သုံးနိုင်ငံ လက်မှတ်ထိုးလိုက်တာ ဖြစ်ပါတယ်။
ECOWAS အဖွဲ့ဟာ သူတို့သုံးနိုင်ငံကို အရေးယူပိတ်ဆို့မှုတွေ လုပ်တာ၊ နိုင်ဂျာမှာ အင်အားသုံးပြီး စစ်ခေါင်းဆောင်ကို ဖယ်ရှားဖို့လုပ်တာတွေကြောင့် ပြဿနာတက်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီသုံးနိုင်ငံဟာ သူတို့ရဲ့ အရင်ကိုလိုနီ ပြင်သစ်၊ ဒေသတွင်းအင်အားကြီး နိုင်ဂျီးရီးယား၊ အမေရိကန် တို့နဲ့ ဆက်ဆံရေးလျှော့ချပြီး ရုရှားနဲ့ ကာကွယ်ရေး၊ စစ်ရေး၊ စီးပွားရေးပူပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။
Source-Reuters