၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့မိခင် ဒေါ်အမာညွန့်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ဇူလိုင် ၆ ရက် ညနေပိုင်းက နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
ညနေ ၆ နာရီကျော်အချိန်က နှလုံးရောဂါဖောက်လို့ သတိလစ်မေ့မြောသွားပြီး မဲဆောက်ဆေးရုံ အရောက်မှာပဲ သေဆုံးခဲ့တာလို့ ဆိုပါတယ်။
မိသားစုဝင်တယောက်က “ဒေါ်လေး နှလုံးရောဂါက အရင်ကလည်း ဖြစ်တယ်။ အခုက အိမ်မှာတင် သတိလစ်သွားတာ။ ဆေးရုံရောက်ပြီး သိပ်မကြာဘူး ဆုံးသွားတာ။ ဆရာဝန်က အောက်စီဂျင် အရမ်းကျပြီး ဆုံးတာလို့ပြောတယ်” လို့ DVB ကို ပြောပါတယ်။
ကိုဂျင်မီကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မတွေနဲ့ ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၃ ရက်နေ့မှာ ကြိုးပေးသတ်ဖြတ်ခဲ့သလို စစ်ကောင်စီ ထောက်ခံသူတွေကလည်း မိခင်ဖြစ်သူ နေထိုင်ရာ အင်းစိန်မြို့နယ်က နေအိမ်ရှေ့မှာ အော်ဟစ်ဆဲဆိုကြိမ်းမောင်းခဲ့တဲ့အတွက် ထိုင်းနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ရတာလို့ သိရပါတယ်။
ဒေါ်အမာညွန့်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၈ နှစ်ရှိပြီး မနက်ဖြန် ဇူလိုင် ၈ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် မဲဆောက်မြို့မှာ မီးသင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
Photo - Myo Naing