ထိုင်းနိုင်ငံမှာ ကားပြပွဲလျှော့စျေးဆိုပြီး ဘတ် ၁ သန်းကျော်နဲ့ ရောင်းခဲ့တဲ့ BYD Atto 3 ကားတွေကို ပြပွဲပြီးတော့ ဘတ် ၈ သိန်းခွဲနဲ့ ရောင်းလို့ အတိုင်ခံနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ဆေးထား ထဝီးဆင်က ပါ BYD ကိုကုမ္ပဏီကို သတိပေးခဲ့တယ်လို့ သိရပြီး ဝယ်သူတွေကို ကာကွယ်ပေးဖို့နဲ့ သင့်လျော်တဲ့ စျေးနှုန်းမူဝါဒချမှတ်ဖို့ BYD စီအီးအို ဝမ်ချွမ်ဖူ နဲ့ ဖုန်းဆက်သွယ်ပြောဆိုချိန်မှာ ဝန်ကြီးချုပ်က အသိပေးခဲ့ပါတယ်။
အရှေ့တောင်အာရှမှာ ပထမဆုံး အီးဗွီကားစက်ရုံဖွင့်ပွဲ တက်ရောက်ဖို့ BYD စီးအီအိုဝမ်ဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။
ဝမ်က နောင်မှာ စျေးနှုန်းသတ်မှတ်မှုကို သင့်လျော်အောင် လုပ်သွားမှာဖြစ်ပြီး ထိခိုက်နစ်နာခဲ့ရတဲ့ ဖောက်သည်တွေကိုလည်း ကူညီနိုင်မဲ့ နည်းလမ်းတွေရှာသွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ထိုင်းက BYD အီးဗွီစက်ရုံဟာ ၁ နှစ်ကို ကားအစီးရေ ၁၅၀,၀၀၀ အထိ ထုတ်နိုင်မှာဖြစ်ပြီး အဲဒီနှုန်း အတိုင်းအပြည့်ထုတ်နိုင်ဖို့ကတော့ ၂ နှစ်လောက်အချိန်ယူရမယ်လို့ဆိုပါတယ်။
BYD ကားအရောင်းကိုယ်စားလှယ်တွေက ကားပြပွဲပြီးရင် စျေးတက်တော့မှာဖြစ်တဲ့အတွက် လျှော့စျေးနဲ့ရတုန်းဝယ်ထားကြဖို့ တိုက်တွန်းရောင်းချခဲ့ပြီး တကယ်တမ်း ပြပွဲပြီးတဲ့အခါကျတော့ စျေးက ပြန်မတက်တဲ့အပြင် ပိုတောင်ကျသွားတဲ့အတွက် တိုင်တန်းသူအများအပြားရှိလာခဲ့ပါတယ်။
BYD Atto 3 ကား ဝယ်ယူခဲ့သူတဦးကဆိုရင် သူ ဝယ်တုန်းက ဘတ် ၁ ဒသမ ၁၉ သန်း ပေးခဲ့ရပေမဲ့ အခုကျတော့ ၈၅၉,၀၀၀ နဲ့ ရောင်းနေတယ်လို့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားသလို နောက်တယောက်ကလည်း ဒီတံဆိပ်ကို နောင်ဘယ်တော့မှ ထပ်မဝယ်ဘူးလို့ ဗီဒီယိုရိုက်တင်ထားပါတယ်။
တိုင်တန်းမှုတွေကို စားသုံးသူအခွင့်အရေးကာကွယ်ရေးဘုတ်အဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ကြေညာထားပါတယ်။
Source-Reuters