Home
မြန်မာသတင်း
မတ္တရာမြို့နယ်၊ ရုံးပင်ရွာကို လေယာဉ် ဗုံးကြဲ၊ စစ်ရှောင်အမျိုးသမီး ၁ ဦးသေ
DVB
·
July 7, 2024

စစ်ကိုင်းတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်း၊ ရုံးပင်ရွာကို စစ်ကောင်စီတပ်က ဒီနေ့ ဇူလိုင် ၇ ရက်နေ့  မနက် ၁၀ နာရီခွဲအချိန်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ ယောက် သေဆုံးပြီး ရွာသားအများအပြားဒဏ်ရာရတယ်တယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

မန္တလေး တံတားဦးလေဆိပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစီးနဲ့ ပေါင် ၂၀၀ ဗုံးသီးကြဲချပြီး စက်သေနတ်နဲ့လည်း ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “မြေပြင်မှာ တိုက်ပွဲမဖြစ်ဘဲနဲ့ကို အကြောင်းမဲ့ လာဗုံးကြဲ ပစ်သွားတာဗျ။ ဗုံးက ၁ လုံးတည်း ကြဲတာဗျ။ ရွာထဲက ‌တိုင်းရင်းဆေးခန်းအနီး ကျပေါက်ကွဲတာဗျ။ အဲလိုပေါက်ကွဲပြီး သဖန်းကိုင်းရွာကနေ ကျနော်ရွာဘက်ကို စစ်ဘေးလာရှောင်‌နေတဲ့ အသက် ၃၈ အရွယ်ခန့်ရှိတဲ့ မသန်းသန်းဆင့် ပွဲချင်းပြီး ဆုံးသွားတယ်ဗျ။ အသက် ၅ နှစ်အရွယ် ယောကျ်ားကလေးငယ်တဦး ဒဏ်ရာ ပြင်းထန်ရရှိ။ အသေးစားဒဏ်ရာရရှိတဲ့ ရွာသားတွေလည်း ရှိသေးတယ်ဗျ။ အတိအကျတော့ စာရင်းမပြုစုရသေးဘူး။ ရွာသားတွေကတော့ ဗုံးကြဲချခံရပြီး  ကျေးရွာအတွင်းကနေ  ထွက်ပြေးတိမ်းရှောင်နေကြရတယ်” လို့ ပြောပါတယ်။

နောက်ထပ်ဒေသခံတယောက်ကလည်း သေဆုံးသူ အမျိုးသမီးဟာ တကိုယ်လုံးဒဏ်ရာရခဲ့ပြီး အသက် ၁၁ နှစ်နဲ့ ၆ နှစ်အရွယ် ကလေး ၂ ယောက်၊ အသက် ၃၀ နဲ့ အသက် ၂၀ အရွယ် အမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရုံးပင်ရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေသလို စစ်တပ်က မြေပြင်တိုက်ပွဲတိုင်း စစ်ရှုံးနေတာကြောင့် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံ ကာကွယ်ရေးသမားတွေက ပြောပါတယ်။

ကာကွယ်ရေးသမားတယောက်က “အခုပစ်တဲ့ဗုံးအလုံးက  ပေါင် ၂၅၀ ဖြစ်မယ်ဗျ။ မနေ့ညကလည်း  လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သေးတယ်။ ရွာအပြင်ကျလို အထိအခိုက်မရှိခဲ့ဘူး။ အခုကြဲချတဲ့ဗုံးက ရွာထဲကျတာ။ စစ်ဘေးရှောင်တွေ နေတဲ့အိမ်အနီး ကျတယ်။ လက်နက်ကျလို့ စစ်ဘေးရှောင်တဦး နေရာတင်ပွဲချင်းပြီး သေဆုံးတယ်။ စစ်ဘေးရှောင်အပြင် ရွာကလူတွေလည်း အသေးစား ထိခိုက်မှုတွေရှိသလို နေအိမ်သွပ်မိုးနဲ့ အကာအရံတွေ ပျက်စီးတာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ တပ်စခန်း  ၂၅ ခုကို သိမ်းပိုက်ထားသလို လက်နက်ခဲယမ်းအမြောက်အမြားကို ရရှိထားတယ်လို့ မန္တလေး PDF က ဇူလိုင် ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013