ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ဇူလိုင် ၄ ရက်နေ့ကစပြီး ဒီနေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
သတင်းရင်းမြစ်တယောက်က “တိုက်ပွဲက ၄ ရက်နေ့ကစပြီး ပြန်ပြင်းထန်နေတယ်။ မြို့ထဲမှာပေါ့။ မိုင်းလုံး၊ နမ့်ဘော်ဝမ်၊ ဧက ၅၀၀ မှာ တပြိုင်တည်း တိုက်ပွဲတွေဖြစ်နေတယ်။ ပြန်လာတဲ့ ပြည်သူတွေကြားကနေပြီး ခွေး(စစ်ကောင်စီတပ်)တွေက ကင်းပုန်းဝပ်တိုက်ခိုက်နေတဲ့အတွက် ပြည်သူအတွက် စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
နေရပ်ပြန်နေထိုင်နေတဲ့ ပြည်သူတချို့ထိခိုက်မိတာတွေရှိပေမယ့် အရေအတွက်အတိအကျ သိရဖို့တော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
တပ်ရင်းတခုက ရဲဘော်တယောက်က “နောက် အရေးကြီးတာက ပြည်သူတွေကို ပြန်မလာသေးဖို့ မှာချင်တာပါ။ တချို့ကလည်း ပြန်ထွက်နေကြတယ်။ ပြီးတော့ စကစရဲ့ သတင်းမှားတွေကိုလည်း မယုံကြည်ကြဖို့နဲ့ လိုအပ်ရင် တပ်ရင်းတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ချက်တွေ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အယောက် ၂၀ ကျော်သေဆုံးတယ်လို့ သိရပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ တင့်ကားနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။