Home
မြန်မာသတင်း
ဆဲဗင်းဂျူလိုင်လှုပ်ရှားမှုများ ရန်ကုန်တွင် ပြုလုပ်
DVB
·
July 7, 2024

ဆဲဗင်းဂျူလိုင် အရေးအခင်း ၆၂ နှစ်ပြည့်ဖြစ် အထိမ်းအမှတ်အဖြစ် ဒီနေ့ ရန်ကုန်မြို့မှာ တော်လှန်ရေးအင်အားစုတွေပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့တနေရာမှာ “အထွေထွေ အကြပ်အတည်း ဖြေရှင်းဖို့ ရဟန်းရှင်လူ ပုန်ကန်စို့”  စာသားပါဘန်နာကို ချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး အထွေထွေ အကျပ်အတည်းဖြေရှင်းရေးနဲ့ စစ်သုံးစစ် (စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား) ဆန့်ကျင်ရေးအဖြစ် လှုံ့ဆော်ခဲ့တာဖြစ်ပြီး ဆဲဗင်းဂျူလိုင်ဟာ မြန်မာစစ်အာဏာရှင်သမိုင်းမှာ မေ့မရနိုင်တဲ့နေ့ပါလို့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ရန်ကုန်တော်လှန်ရေးအင်အားစုက “၁၉၈၈ ခုနှစ် အရေးတော်ပုံမှာတော့ လူထုဟာ အပြင်းအထန် တုံ့ပြန်ခဲ့ကြပြီး အာဏာရှင်ကို အံတုခဲ့ကြပေမယ့် ခေတ်အလိုအရ အောင်မြင်မှုဆီမရောက်ခဲ့ကြတာကို အကောင်းဆုံး သင်ခန်းစာရယူကြရင်း ၁၉၆၂၊ ၇၂၊ ၇၄၊ ၈၈၊ ၉၆၊ ၂၀၀၇ စသဖြင့် မျိုးဆက်အဆင့်ဆင့် ဖြတ်သန်းစီးဆင်းခဲ့တဲ့သွေးတွေနဲ့ ၂၀၂၁ ခုနှစ် မတရားအာဏာလုစစ်အစိုးရကိုတော့ နောက်တကြိမ် ပြန်မလာနိုင်အောင် ယခင့်ယခင်ကနဲ့မတူ ပြည်သူလူထုတရပ်လုံး တုံ့ပြန်နေနိုင်ခဲ့ကြ ပါပြီ” လို့ ဆိုပါတယ်။

ပြည်သူတရပ်လုံးရဲ့ရည်မှန်းချက်၂၀၂၁ နွေဦးပန်းတိုင်လှမ်းကိုင်ဖို့မဝေးတော့တာကြောင့် လူထုကလည်း ဆဲဗင်းဂျူလိုင် စိတ်ဓာတ်စွဲကိုင်ပြီး စစ်သုံးစစ်အမြစ်ပြတ်ရေး ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့အတွက် ‘သမိုင်းသစ်ကို ဖွင့်လှစ်ဖို့ 7JULY စိတ်ဓာတ်ကိုင်စွဲတိုင်ပွဲဝင်စို့’ လို့လည်း တိုက်တွန်းထားပါတယ်။

ပြီးတော့ စစ်သုံးစစ်ဆန့်ကျင်ရေးလှုပ်ရှားမှု အွန်လိုင်းဓာတ်ပုံကမ်ပိန်းတွေနဲ့  ၇.၇.၆၂ - သွေးကြွေး ပြန်ယူမယ် စာတန်းတွေကို ရှပ်အင်္ကျီအဖြူတွေပေါ် ရေးဆွဲပုံဖော်ချိတ်ဆွဲပြီး စစ်တပ်ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန် လှုပ်ရှားမှုကိုလည်း ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်တော်လှန်ရေးအင်အားစုတွေထဲက အဖွဲ့တဖွဲ့က အွန်လိုင်းဓာတ်ပုံကမ်ပိန်းနဲ့ ပတ်သက်လို့ “စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖို့အတွက် တညီတညွတ်တည်း ပါဝင်ပေးကြဖို့ မမေ့လျော့ကြဖို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

အွန်လိုင်းဓာတ်ပုံကမ်ပိန်းမှာ “၁၉၆၂ ခုနှစ်မှ ၂၀၂၁ အထိ ဘုံရန်သူဟာ စစ်အုပ်စုမှလွဲ၍ အခြားမရှိ၊ စစ်အုပ်စု အသက်ရှည်နေသရွေ့ ဆဲဗင်းဂျူလိုင်လို အကြိမ်ကြိမ်ဖြစ်နိုင်၊ ဆန်တပြည် ၅,၀၀၀ ကျပ် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ တရားခံဟာ စစ်အာဏာရှင်စနစ်၊ ၇.၇.၁၉၆၂ အဆောက်အဦဖြိုတိုင်း ငါတို့ သမဂ္ဂစိတ် မပြို” စတဲ့ ဖော်ပြမှုတွေ တွေ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024