မန္တလေးမှာ မြို့တွင်းတိုက်ပွဲတွေ ဖြစ်ပွားလာပါက စာရွက်စာတမ်းတွေကို မီးရှို့ပြီးမှ ပုန်းရှောင်ကြဖို့ စစ်ကောင်စီက သူတို့ရဲ့လက်အောက်ခံ ဝန်ထမ်းတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ၊ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဌာနဆိုင်ရာ ရုံးတွေထဲကို ဝင်ရောက်လာပါက မိမိတို့ရဲ့ သက်ဆိုင်ရာ ရုံးခန်းအတွင်းက စာရွက်စာတမ်းတွေကို တခါတည်း မီးရှို့ဖျက်ဆီးပြီးမှ ကျည်လွတ်ရာနေရာတွေမှာ ထွက်ပြေးပုန်းရှောင်ကြရမယ်လို့ စစ်ကောင်စီက လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို နှုတ်နဲ့ ညွှန်ကြားထားတယ်လို့ လဝကဝန်ထမ်းတဦးဆီကနေ သိရပါတယ်။
လဝကရုံး ဝန်ထမ်းတဦးက “ဦးစီးမှူးက အစည်းအဝေးမှာ နှုတ်နဲ့ပြောတာပါ။ စာရွက်စာတမ်းတွေကို မီးအရင်ရှို့ရမယ်။ ပြီးမှ ထွက်ပြေးရမယ်ဆိုတော့ သူပြောသလောက်တော့ မလွယ်ဘူးထင်တယ်ဗျ။ အသက်ထက်တော့ ဘာမှ အရေးမကြီးဘူးလေ။ ဘဝရပ်တည်ရေးအတွက် တခြားဘာမှမလုပ်တတ်လို့ CDM မလုပ်ဘဲ ပေကပ်နေနေတာ။ အရာရှိတွေက ကိုယ့်အောက်ခြေဝန်ထမ်းတွေကို ကိုယ်ချင်းမစာမနာဗျာ” လို့ DVB ကို ပြောပါတယ်။
ဌာနဆိုင်ရာရုံးတွေမှာ စာရွက်စာတမ်းတွေကို ဦးစားပေးအဆင့်တွေ ခွဲထားပြီး အရေးကြီး စာရွက်စာတမ်းတွေကို ရုံးအုပ်၊ ဒုဦးစီး၊ ဦးစီး အစရှိတဲ့ ရာထူးရှိသူတွေသာ ကိုင်ဆောင် သိမ်းဆည်းရတာ ဖြစ်ပါတယ်။
မန္တလေးမြို့နယ်က ထွေအုပ်ရုံးနဲ့ နီးစပ်သူတဦးက “မြို့တွင်းတိုက်ပွဲတွေဖြစ်လို့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရုံးထဲကိုဝင်လာရင် စာရွက်စာတမ်းတွေကို မီးရှို့ပြီးမှ ထွက်ပြေးကြဖို့ ထွေအုပ်ရုံးက ဌာနပေါင်းစုံ အစည်းအဝေးမှာ နှုတ်နဲ့ညွှန်ကြားထားတာ” လို့ ပြောပါတယ်။
မန္တလေးတိုင်းအတွင်းက မတ္တရာမြို့နယ်နဲ့ စဥ့်ကူးမြို့နယ် အပါအဝင် မြို့နယ်တချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး နောက်ပိုင်း အခုလို ညွှန်ကြားတာတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။