Home
မြန်မာသတင်း
သံတွဲလေဆိပ်ကို AA သိမ်းပိုက်
DVB
·
July 8, 2024
သံတွဲလေဆိပ်

DVB

ရခိုင်ပြည်နယ်၊ သံတွဲလေဆိပ်ကိုသိမ်းပိုက်နိုင်ပြီး သံတွဲဒေသတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား အလောင်း ၄၀၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီနေ့ ဇူလိုင် ၇ ရက် ညနေမှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က တပ်ရင်းအများအပြားသုံးပြီး ခုခံတိုက်ခိုက်ခဲ့တာကြောင့် သံတွဲမြို့သိမ်းတိုက်ပွဲရဲ့ စစ်ရေးအခြေအနေဟာ အပြင်းထန်ဆုံးနဲ့ အမြင့်ဆုံးအနေအထားကို ရောက်ရှိခဲ့ပြီး အာရက္ခဒေသ မြို့သိမ်းတိုက်ပွဲတွေအတွင်း ခက်ခဲတဲ့ တိုက်ပွဲဖြစ်တယ်လို့ ဆိုပါတယ်။

သံတွဲ မဇင်လေဆိပ်နားက ခမရ ၅၆၆ တပ်ရင်းကို ၂၀၂၄ ခုနှစ်၊ ဇွန် ၂၇ ရက်၊ ညနေ ၅ နာရီခွဲအချိန်မှာ သိမ်းပိုက်ရရှိခဲ့ပြီး သံတွဲမြို့အနီးပတ်ဝန်းကျင်က တခြားစခန်းတချို့ကိုလည်း ရရှိခဲ့သလို အဲဒီနောက်မှာ စစ်ကောင်စီဟာ သံတွဲ၊ လေဆိပ်အတွင်း၊ လေဆိပ်အနီးအဆောက်အအုံတွေ၊ နာမည်ကြီး ဟိုတယ်ကြီးတွေ၊ ဇီးဖြူကုန်းက သုံးထပ်တိုက် တတိုက်ထဲကနေ ခုခံနေခဲ့တယ်လို့ ဆိုပါတယ်။

အင်အား ၁၀၀ လောက်နဲ့ ခုခံနေတဲ့ သုံးထပ်တိုက်နဲ့ အနီးဝန်းကျင်နေရာတွေကို ဇူလိုင် ၆ ရက်မှာ၊ အင်အား ၄၀၀ လောက်နဲ့ ခုခံနေတဲ့ လေဆိပ်အနီး လေဆိပ်အဆောက်အအုံနဲ့ အနီးပတ်ဝန်းကျင်ကိုတော့ ဇူလိုင် ၅ ရက် မနက်ပိုင်းမှာ သိမ်းပိုက်ပြီး မဇင်လေဆိပ်ကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သံတွဲဒေသတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ သံတွဲအခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမ၇ ၅၆၆ နဲ့ ခလရ ၅၅ တို့အပြင် တပ်မ ၁၀၁ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခလရ ၂၃၅၊ ခလရ ၂၅၁၊ ခလရ ၂၅၂၊ ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅၊ ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈၊ ခလရ ၂၅၉ နဲ့ ခမရ ၃၁၅ (မိတ္ထီလာ-တမခ-၉၉) - လပခ၊ ခမရ ၃၆၆ (မော်လိုက်-စကခ-၁၀-ကလေး) - နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းတချို့၊ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းတချို့နဲ့ Myanmar Navy SEALs တပ်ဖွဲ့ဝင်တွေပါဝင်ပြီး တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်းအားလုံးနီးပါးကို ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ သုံ့ပန်းတချို့ရဲ့ ပြောကြားချက်အရလည်း တပ်မ ၁၀၁ က တပ်ရင်း ၁၀ ရင်းလုံးဟာ သံတွဲမြို့ စစ်ဆင်ရေးမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ ဘင်္ဂလားပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ ရေတပ်စစ်သင်္ဘော ၅ စီးပါ စစ်ရေယာဉ်စု၊ ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စတဲ့နေရာတွေကလည်း လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှု အမြောက်အမြားနဲ့ ပစ်ကူပေးခဲ့ပေမဲ့ သံတွဲဒေသတိုက်ပွဲတွေအတွင် စစ်ကောင်စီဘက်က အလောင်း ၄၀၀ ကျော်၊ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးတော့ သံတွဲအခြေစိုက်တပ်ရင်းဖြစ်ပြီး တခုတည်းသော လက်ကျန်တပ်ရင်းဖြစ်တဲ့ ခလရ ၅၅ ကိုလည်း ဆက်လက်ထိုးစစ်ဆင်နေပြီး ထွက်ပြေးလွတ်မြောက်နေသူတွေကို လိုက်လံချေမှုန်းနေတယ် လို့ ဆိုပါတယ်။

လက်ရှိမှာ ခလရ ၅၅ နဲ့အတူ ၁၀၁ တပ်မလက်အောက်ခံ ပခုက္ကူအခြေစိုက် ခလရ ၂၅၂ တပ်ရင်းနဲ့ တခြားအမည်မသိသေးတဲ့ တပ်ရင်းတချို့ စုပေါင်းပြီး ခုခံနေသလို ရေတပ်၊ လေကြောင်းပစ်ကူ တိုက်ခိုက်မှုတွေကြောင့် အခုညနေ သတင်းထုတ်ပြန်ချိန်အထိ တိုက်ပွဲတွေ ပြင်းထန်နေတုန်းပဲလို့လည်း ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် သံတွဲဒေသခံအများစုဟာ ဘေးလွတ်မယ်ထင်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပြီး လျှပ်စစ်မီးပြတ်တောက်နေသလို လမ်းတွေအားလုံး ပိတ်ဆို့ခံထားရတာကြောင့် ကျန်နေခဲ့သူတွေအတွက် နေထိုင်စားသောက်ရေး ခက်ခဲပြီး ဆေးဝါးတွေလည်း ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့ အမ်း နပခ ဌာနချုပ်၊ စကခ ၅ တောင်ကုတ် ဌာနချုပ်၊ စစ်တွေ(ဒကစ) ဌာနချုပ်နဲ့ ဓညဝတီ ရေတပ်ဌာနချုပ်တို့ကို AA က ဖြတ်တောက်ပိတ်ဆို့ထားပြီး တချို့စခန်းတွေကိုတော့ ထိုးစစ်ဆင်နေပြီလို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013