Home
ဆောင်းပါး
နှစ်ဖက်ချွန်ပြဿနာတထောင် (သို့) ကိုယ့်‌သေတွင်းကိုယ်တူးနေတဲ့ စစ်အာဏာရှင်များ
DVB
·
July 8, 2024

လူတခု ပူမှုရယ်တဲ့ ဆယ်ကုဋေ ဆိုတဲ့ ဆိုရိုးစကားလိုပါပဲ၊ လူတဦးအတွက်ဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းပဲဖြစ်ဖြစ် ပြဿနာတွေ၊ စိန်ခေါ်မှုတွေ၊ ပူပင်သောကရောက်စရာတွေ အမြောက်အမြား ရှိကြစမြဲပါပဲ။ ဒါပေမဲ့လည်း အဲဒီပြဿနာတွေ၊ စိန်ခေါ်မှုတွေထဲမှာ အခြေအနေအချိန်အခါ အကြောင်းအား‌လျော်စွာ ဖြစ်ပေါ်လာရတဲ့ ပြဿနာတွေ ရှိကြသလို တစုံတဦး၊ တစုတဖွဲ့က သိပါရက်နဲ့ သူတို့အကျိုးစီးပွားအတွက် တမင်ဖန်တီးကြတဲ့ ပြဿနာမျိုးတွေလည်း ရှိတတ်ကြပါတယ်။

အခွင့်ထူးခံ စစ်အာဏာရှင်တွေ တမင်ဖန်တီးတဲ့ ပြဿနာတွေထဲမှာ အဓိကအကျဆုံး ပြဿနာကတော့ ပြည်တွင်းစစ်ပြဿနာကြီးပဲ ဖြစ်ပါတယ်။ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်တတ်ကြဘဲ စစ်နဲ့သာ လုပ်စားတတ်ကြသူတွေမို့ လက်နက်အားကိုးနဲ့ တိုင်းပြည်အာဏာကို လုယူပြီး ပြည်တွင်းစစ်ကိုဖန်တီးလို့ စစ်ကိုအကြောင်းပြ၊ လုံခြုံရေးအကြောင်းပြပြီး ချမ်းသာအောင်လုပ်တတ်ကြတာ စစ်အခွင့်ထူးခံတို့ရဲ့ မကောင်းဆိုးဝါးဗီဇပဲ ဖြစ်ပါတယ်။

ပြဿနာကောင် မင်းအောင်လှိုင်တို့ မကောင်းဆိုးဝါး စစ်အာဏာရှင်တွေ မွေးမြူ ဖန်တီးထားတဲ့ အဲဒီပြည်တွင်းစစ်ဆိုတဲ့ အရင်းခံပြဿနာ အပင်ကြီးရဲ့ အကိုင်းအခက်တွေအဖြစ် အောက်ပါပြဿနာ အထောင်အသောင်းဟာ အခုချိန်မှာ မြန်မာတနိုင်ငံလုံးနဲ့ ပြည်သူလူထု တရပ်လုံးအတွက်သာမက ဖန်တီးသူ စစ်ဝါဒီအသိုင်းအဝိုင်းတခုလုံးကို ဖြိုဖျက် အန္တရာယ်ပြုနေတဲ့ နှစ်ဖက်ချွန် နှစ်ဖက်ရှ ဓားတလက်နဲ့ တူလှပါတယ်။

၁။ ဆန်ပြတ်လပ်မှုပြဿနာ

၂။ စားအုန်းဆီပြတ်လပ်မှုပြဿနာ

၃။ ကုန်ဈေးနှုန်းကြီးမြင့်မှုပြဿနာ

၄။ ဓာတ်ဆီမလုံလောက်မှုပြဿနာ

၅။ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲပြဿနာ

၆။ စိုးမိုးနယ်မြေ ဆုံးရှုံးမှုကြီးမားလာတဲ့ပြဿနာ

၇။ မထိန်းနိုင်တော့တဲ့ ရခိုင်ထိုးစစ်ပြဿနာ

၈။ ရှမ်းမြောက်တကျော့ပြန်ထိုးစစ်ပြဿနာ

၉။ ငွေတန်ဖိုးကျဆင်းမှုပြဿနာ

၁၀။ တရားဥပဒေမစိုးမိုးတဲ့ပြဿနာ

၁၁။ ဘတ်ဂျက်လိုငွေပြမှုပြဿနာ

၁၂။ အဝေမတည့်လို့ စစ်တပ်တွင်း ညီညွတ်မှုပြိုကွဲလာတဲ့ပြဿနာ

၁၃။ စစ်ဗိုလ်စစ်သား တိုက်ခိုက်လိုစိတ်မရှိတော့တဲ့ပြဿနာ

၁၄။ အိမ်နီးချင်းနိုင်ငံတွေရဲ့ အမြတ်ထုတ်ခံရမှုပြဿနာ

၁၅။ နိုင်ငံအုပ်ချုပ်ရေးစနစ် ပြိုလဲသွားတဲ့ပြဿနာ

၁၆။ နိုင်ငံစီးပွားရေး ပြိုလဲသွားတဲ့ပြဿနာ

၁၇။ နိုင်ငံပညာရေးစနစ် ပြိုလဲသွားတဲ့ပြဿနာ

၁၈။ နိုင်ငံကျန်းမာရေးစနစ် ပြိုလဲသွားတဲ့ပြဿနာ

၁၉။ လူအင်အားအရင်းအမြစ် ပြတ်လပ်မှုပြဿနာ

၂၀။ အကျင့်ပျက်ခြစားမှု အထွတ်အထိပ်ရောက်လာတဲ့ပြဿနာ

၂၁။ ပြည်တွင်းပြည်ပထောက်ခံမှု နည်းပါးသထက် နည်းလာတဲ့ပြဿနာ

၂၂။ အချုပ်အခြာအာဏာ ထိပါးခံရတဲ့ပြဿနာ

၂၃။ နိုင်ငံတကာဖိအားပြဿနာ

၂၄။ ဒရုန်း၊ ရှော့တိုက်ဒုန်းနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့ပြဿနာ

၂၅။ ဖရဲသီးပြဿနာ

၂၆။ နောက်ကျည်ဆန်ပြဿနာ

၂၇။ အာဏာသိမ်း ၃ နှစ်ကြာသည်အထိ တရားမဝင်မှုပြဿနာ

၂၈။ တိုင်းပြည်ဝင်ငွေကျဆင်းမှုပြဿနာ

၂၉။ အာဆီယံ ပြဿနာ

၃၀။ လျှပ်စစ်ဓာတ် မလုံလောက်မှုပြဿနာ

၃၁။ စစ်ရာဇဝတ်ကျူးလွန်မှုပြဿနာ

၃၂။ နိုင်ငံသားတဦးချင်းဝင်ငွေ ကျဆင်းမှုပြဿနာ

၃၃။ အလုပ်လက်မဲ့ပြဿနာ

၃၄။ လူမျိုး‌ခြားမုန်းတီးမှုပြဿနာ

၃၅။ ဘာသာခြားမုန်းတီးမှုပြဿနာ

၃၆။ လူသားမျိုးနွယ်အပေါ်ကျူးလွန်မှုပြဿနာ

၃၇။ ရာဇဝတ်မှုထူပြောလာတဲ့ပြဿနာ

၃၈။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုပြဿနာ

၃၉။ ရေလွှမ်းမိုးခံရမှုပြဿနာ

၄၀။ ကျားဖြန့်ငွေလိမ်မှုပြဿနာ

၄၁။ လူကုန်ကူးမှုပြဿနာ

၄၂။ မူးယစ်ဆေးဝါးမထိန်းချုပ်နိုင်မှုပြဿနာ

၄၃။ ဆေးဝါးပြတ်လပ်မှုပြဿနာ

၄၄။ စားဝတ်နေရေးမဖူလုံမှုပြဿနာ

စတဲ့ အာဏာရူး ပြဿနာကောင် မင်းအောင်လှိုင်ရဲ့ ပြဿနာတထောင်ဟာ တိုင်းရင်းသား ရဟန်းရှင်လူ၊ အများပြည်သူတွေကို ပြင်းထန်စွာ ဒုက္ခပေးနေရုံသာမက မကောင်းဆိုးဝါး အခွင့်ထူးခံ စစ်ဝါဒီတွေရဲ့ ဘဝကို ပျက်သုဥ်း အညွန့်တုံးစေမယ့် စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင် အဆုံးသတ်စေမယ့် နှစ်ဖက်ဦးချွန် ပြဿနာတွေ ဖြစ်လာတာကို ပြဿနာဖန်တီးရှင်တွေ သိကြဟန်မတူပါဘူး။ ပြည်သူကို ကျပ်တည်းအောင်လုပ်လေ  သူတို့ရဲ့ ဇာတ်သိမ်းခန်း နီးလာလေဆိုတာ ကိုယ့်‌သေတွင်း ကိုယ်တူးနေကြသလိုမျိုး ဆိုတာကို သူတို့ နားမလည်နိုင်ကြပါဘူး။

သူတို့ မတရားရယူထားတဲ့ အာဏာကို ကိုင်လှုပ်ကြတဲ့ တိုင်းရင်းသားပြည်သူလူထုအပေါ် အငြိုးအတေးကြီးမားစွာ ဒုက္ခပေးဖို့ တဆုံးထိုးသွင်းခဲ့တဲ့ နှစ်ဖက်ချွန် နှစ်ဖက်ရှ ပြဿနာဓားဟာ စစ်အာဏာရှင် အသိုင်းအဝိုင်း တရပ်လုံးရဲ့ ရင်ဝ ပြန်စူးနစ်ဝင်ရောက်နေပါပြီ။ ပြည်သူကို ထိုးသွင်းလေလေ သူတို့ဘက် ပိုစူးနစ်ဝင်ရောက်လာလေလေမို့ စစ်ဝါ‌ဒီတွေ ရှင်သန်နိုင်စရာလမ်း မရှိတော့ပါဘူး။

တကယ်တော့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေဆိုတာ စိတ်ကောင်းစေတနာကောင်းနဲ့ ဖြေရှင်းလိုစိတ် ရှိမယ်ဆိုရင် ပြဿနာတိုင်း၊ စိန်ခေါ်မှုတိုင်းဟာ တိုးတက်‌မှုရစေနိုင်မယ့် အခွင့်အလမ်း (Opportunities) တွေပဲ ဖြစ်ပါတယ်။ စိတ်ကောင်းစေတနာကောင်း မရှိသူတွေ၊ အသိဉာဏ် မိုက်မဲ အမြော်အမြင် နည်းပါးသူတို့အတွက်တော့ ကျရှုံးမှုနဲ့ ဆိုးဝါးတဲ့ အကျိုးဆက် အနိဋ္ဌာရုံတွေသာ ပေးမှာဖြစ်ပါတယ်။

အခုလည်း သမ္မတရူး မင်းအောင်လှိုင်နဲ့ နောက်တော်ပါ စစ်မိစ္ဆာအသိုင်းအဝိုင်းဟာ နိုင်ငံနဲ့ ပြည်သူလူထုအပေါ် စိတ်ကောင်းစေတနာကောင်း မရှိကြဘဲ သူတို့အာဏာတည်မြဲရေးအတွက် အပေါ်ကပြဿနာတွေကို နိုင်ငံအတွက် တိုးတက်‌မှုရစေနိုင်မယ့် အခွင့်အလမ်းလို့ မမြင်ဘဲ ပြည်သူကို ရန်သူလို့ မြင်နေကြသူတွေမို့ အများပြည်သူကို အငြိုးကြီးစွာ ဒုက္ခပေးလိုတဲ့ ရည်ရွယ်စိတ်နဲ့သာ ဖြေရှင်းကြပါတယ်။

စစ်ဓားပြဂိုဏ်းဟာ ပြဿနာတွေကို ချဉ်းကပ်ဖြေရှင်းတဲ့အခါ စစ်မှန်ပြီး ရေရှည်ခံမယ့် နည်းလမ်းတွေ မသုံးဘဲ လူပြိန်းကြိုက် အပေါ်ယံ တပွဲတိုးနည်းလမ်း၊ ဆေးမြီးတိုနည်းလမ်းတွေကို သုံးလို့ ဖြေရှင်းကြတာမို့ ပြဿနာတွေဟာ ငုပ်သွားလိုက်၊ ပြန်ပေါ်လာလိုက်နဲ့ တဖြည်းဖြည်း ကြီးထွားသထက် ကြီးထွားလာပြီး နောက်ဆုံး ဆေးမမီတဲ့ အခြေအနေတွေကို ရောက်ရှိပြီး စစ်အာဏာရှင်စနစ် နိဂုံးချုပ်စေမယ့် အခြေအနေဆီ သူတို့ကိုယ်တိုင်က တွန်းပို့ပေးနေကြတာ ဖြစ်ပါတယ်။

အဲဒါကို ထင်ရှားတဲ့ဥပမာပေးရရင် စစ်အကြမ်းဖက်တပ်က အာဏာလုခဲ့ပြီး မှားယွင်းတဲ့အုပ်ချုပ်မှု အကျိုးဆက်တွေကြောင့် ကုန်ဈေးနှုန်းတက်တာကို ကျအောင် ဈေးသည်တွေကို လော်စပီကာနဲ့ လိုက်အော် အမိန့်ပေးတာမျိုး၊ ရွှေဈေးကျအောင် ရွှေကုန်သည်တွေ ဖမ်းဆီးတာ၊ ဆန်ဈေးကျအောင် ဆန်ကုန်သည်၊ ဆန်စက်ပိုင်ရှင်တွေ ဖမ်းဆီးတာ၊ စတိုးဆိုင်၊ ဈေးရောင်းစင်တာပိုင်ရှင်တွေကို ဖမ်းတာ၊ ငွေကြေးဖောင်းပွ၊ ကျပ်ငွေတန်ဖိုး ကျတာကို ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ဘဏ်လုပ်ငန်းတွေကို ဖမ်းဆီး အပြစ်ပေးတယ်ဆိုတာ လူဆိုးလူမိုက်က ထင်ရာမြင်ရာ ပရမ်းပတာ အရူးချီးပန်းသလို ပညာမဲ့ သိက္ခာမဲ့ လုပ်နေကြသလိုမျိုးပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရှိရှိသမျှ ပြဿနာအားလုံးရဲ့ အရင်းအမြစ် အခြေခံဟာ မှားယွင်းတဲ့ စစ်အုပ်ချုပ်ရေးစနစ်ဆိုးပဲ ဖြစ်ပါတယ်။ ပြည်သူလူထုတရပ်လုံးက လက်မခံတဲ့အပြင် စစ်ဓားပြ အာဏာလုဂိုဏ်းခေါင်းဆောင်ရဲ့ အရည်အသွေးကလည်း အလွန်အမင်း နိမ့်ကျသလို ကိုယ်ကျင့်သီလကလည်း ဆိုးဆိုးဝါးဝါး ယုတ်ညံ့လွန်းနေတာမို့ အပေါ်ကပြဿနာတွေကို တခုမှ မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ဘဲ အသစ်အသစ်သော ပြဿနာတွေသာ တိုးပွားသထက် တိုးပွားလာရင်း စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေမယ့် ဇာတ်သိမ်းခန်းထဲ ဝင်ရောက်လာရတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အာဏာရူးကြောင် ပြဿနာကောင် မအလနဲ့ စစ်ဓားပြတွေ ဖန်တီးခဲ့တဲ့ နှစ်ဖက်ချွန်ပြဿနာတထောင်ဟာ တိုင်းပြည်ရင်ဝကို စိုက်ဝင်နေတဲ့ဒဏ်ကို တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူတရပ်လုံး အလူးအလဲ ခါးစည်းခံနေကြရတာ ဖြစ်ပေမဲ့ နှစ်ဖက်ချွန် နှစ်ဖက်ရှ ဓားတလက်နဲ့တူတဲ့ အဲဒီပြဿနာတွေဟာ ဖန်တီးသူ စစ်ဝါဒီ အသိုင်းအဝိုင်းရဲ့ ရင်အုံထဲကိုလည်း စူးနစ်သထက် နစ်ဝင်လာရင်း စစ်အာဏာရှင် အုပ်ချုပ်ရေး ယန္တရားဟောင်းကြီးကို အကြွင်းမဲ့ ဖျက်ချနိုင်တော့မယ်ဆိုတာ တနိုင်ငံလုံးအနှံ့မှာ နယ်မြေတွေ စခန်းတွေ လွယ်လင့်တကူ လက်လွှတ်ဆုံးရှုံး‌နေရတဲ့ စစ်ရှုံးတပ်တွင်းရဲ့ အခြေအနေ အရပ်ရပ်နဲ့ ပရမ်းပတာဖြစ်နေတဲ့ နိုင်ငံအုပ်ချုပ်ပုံ အခြေအနေတွေက ညွှန်ပြသက်သေခံနေပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024