ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ PDF တွေနဲ့ အဆက်အသွယ် ရှိနေတယ်လို့ စွပ်စွဲပြီး ဒေသခံ အရပ်သား ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၆ ရက်နဲ့ ၇ ရက်တွေမှာ စစ်ကောင်စီတပ်က ဒေသခံ အရပ်သား အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးကို နေအိမ်တွေမှာ သွားရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတဦးက “ဥပဒေနဲ့အညီ စစ်ဆေးဖို့ရှိလို့ ဖမ်းတာလို့ ပြောတာပဲ။ အကြမ်းဖက်အဖွဲ့တွေနဲ့ ပတ်သက်နေတယ်လို့ သတင်းရလို့ ဖမ်းတာတဲ့၊ စစ်ကောင်စီတပ်က ဖမ်းတာပါ။ အဖမ်းခံရသူတွေ အများစုက မင်းမင်း ဆိုတဲ့ ကောင်လေး အပါအဝင် လူငယ်အမျိုးသားတွေ များတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့သူတွေဟာ လယ်ယာလုပ်ငန်း၊ ဆိုင်ကယ် ကယ်ရီဆွဲတဲ့ လုပ်ငန်း၊ ဈေးရောင်းတဲ့လုပ်ငန်း၊ အွန်လိုင်းရှော့ပင်းရောင်းတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဖမ်းခံရသူတွေနဲ့ နီးစပ်တဲ့ အမျိုးသမီးတဦးက “အခုအဖမ်းခံရတဲ့အထဲမှာ ပါတဲ့သူတွေ အားလုံးက မိသားစုနဲ့ ကိုယ့်အလုပ်ကိုယ် အေးအေးလုပ်နေတဲ့သူတွေပါ။ အဲဒါကို PDF တွေနဲ့ ပတ်သက်နေတာလို့ ဖမ်းသွားတာ။ အခု မိသားစုတွေက ဘယ်လိုလုပ်ရမှန်းမသိဘူး ဖြစ်နေတယ်။ စွပ်စွဲခံရတာပါ၊ ကလေးတွေကို အနုကြမ်းစီးတဲ့အတိုင်းပဲ ဖမ်းသွားတာ” လို့ ပြောပါတယ်။
အဖမ်းခံရသူ ဒေသခံ အရပ်သား ၅ ယောက်မှာ အသက် ၁၉ နှစ်ကျော် လူငယ် ၂ ဦး၊ အသက် ၂၀ ကျော်အရွယ် လူငယ် ၂ ဦးနဲ့ အသက် ၂၈ ဝန်းကျင် တဦးဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ကြောရေးနဲ့ ရဲစခန်းတွေမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် လူငယ်တွေကို ဖမ်းဆီးခံရအောင် စစ်ကောင်စီတပ်ကို သတင်းအမှားပေး ဖမ်းခိုင်းတာဟာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အဓိကဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။