Home
နိုင်ငံတကာ
တရုတ်နိုင်ငံက တုံးတင်ရေကန် တမံကျိုးပေါက်မှု အရေးပေါ်ကယ်ဆယ်ရေး အရှိန်မြှင့်
DVB
·
July 8, 2024
Photo-CCTV

အင်းလေးကန်ထက် ၂၄ ဆ ကျယ်တဲ့ တရုတ်နိုင်ငံက တုံးတင်ရေကန် တမံကျိုးလို့ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းတွေ အရှိန်မြှင့်ဆောင်ရွက်ဖို့ ကယ်ဆယ်ရေးလုပ်သား ၂,၃၀၀ ကျော်နဲ့ အမြန်ရေယာဉ်စီးရေ ၁၆၀ ကျော်ကို တရုတ်အစိုးရက စေလွှတ်ထားပါတယ်။

တမံကျိုးကို ပိတ်ဆို့ဖို့ ဟွာရောင်မြို့ရဲ့ ပတ်ဝန်းကျင် ခရိုင်တွေ မြို့တွေကနေ ကျောက်တန်ချိန် ၅၅,၆၀၀ လောက်ကိုလည်း  အရေးပေါ် လွှဲပြောင်းပေးခဲ့ရပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူနန်ပြည်နယ်၊ ယွဲ့ယန်မြို့မှာရှိတဲ့ တရုတ်ရဲ့ ဒုတိယအကြီးဆုံး ရေချိုကန်ဖြစ်တဲ့ တုံးတင်ရေကန်ရဲ့ တာတမံ တစိတ်တပိုင်းဟာ သောကြာညနေ ၅ နာရီခွဲ ကျော်ကျော်ကတည်းက ဆိုးဆိုးရွားရွား ကျိုးပေါက်သွားခဲ့တာပါ။

ယွဲ့ယန်မြို့အောက်ပိုင်းက တွမ့်ကျိုးမြို့မှာ အရေးပေါ် ပြုပြင်ရေး ကြိုးပမ်းမှု မအောင်မြင်လို့ အနီးတဝိုက်က  မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးရေလျှံခဲ့ပါတယ်။

အစပိုင်း တမံကျိုးချိန်က ၁၀ မီတာ ကျယ်ခဲ့ပေမဲ့ စနေနေ့ ည ၁၁ နာရီမှာတော့ ၂၂၆ မီတာအထိ တိုးလာပြီး ရေမျက်နှာပြင် ကွာခြားချက် ၀ ဒသမ ၁ မီတာ ရှိခဲ့ပါတယ်။ ရေကြီးလို့ ဧရိယာ စတုရန်းကီလိုမီတာ ၄၇ ဒသမ ၆၄ ကျယ်ဝန်းတဲ့ ဒေသက ရေအောက် ရောက်သွားခဲ့ပါတယ်။

တနင်္လာမနက်ပိုင်းအထိ ပြိုကျတဲ့နေရာက အစွန်းနှစ်ဖက်စလုံးမှာ အရေးပေါ်ဝန်ထမ်းတွေက ပြုပြင်ရေးလုပ်ငန်းတွေမှာ ပါဝင် အလုပ်များနေပါတယ်။

ခရိုင်၊ မြို့နဲ့ ပြည်နယ်အဆင့် ဒေသန္တရအစိုးရတွေက ရွက်ဖျင်တဲ ၁,၀၀၀၊ ခုတင် ၃,၂၀၀၊ နွေရာသီစောင် ၃,၂၀၀ နဲ့ မွေ့ယာ ၃,၂၀၀ အပါအဝင် အရေးပေါ် အထောက်အပံ့တွေ ပံ့ပိုးပေးခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနဲ့ မိုးခေါင်ရေရှားမှု ကယ်ဆယ်ရေးဌာနချုပ်၊ အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနတို့က အလုပ်အဖွဲ့တွေကို အခင်းဖြစ်ပွားရာ နေရာဆီ စေလွှတ်ခဲ့ပါတယ်။

ကယ်ဆယ်ရေးအတွက် တရုတ်အမျိုးသား ဘက်စုံမီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့က တပ်ဖွဲ့ဝင် ၈၀၀ ကျော်နဲ့အတူ ယာဉ် ၁၄၆ စီးနဲ့ စက်လှေ ၈၂ စီး ဖြန့်ကျက် တာဝန်ချထားခဲ့ပါတယ်။

ဒရုန်းတွေ၊ အဝေးထိန်း အာရုံခံဂြိုဟ်တုတွေကို သုံးပြီး တမံကျိုးပေါက်မှုနဲ့ ထိခိုက်ခံရတဲ့ ဒေသတွေရဲ့ ပုံရိပ်တွေကို စုဆောင်းခဲ့ပါတယ်။ အသေအပျောက်သတင်း မထုတ်ပြန်သေးဘူးလို့ ဒေသတွင်း ရေလွှမ်းမိုးမှု ထိန်းချုပ်ရေးဌာနက ပြောပါတယ်။

တမံကျိုးပေါက်တဲ့နေရာကို ပိတ်ဖို့ကြိုးစားနေတာ အင်္ဂါနေ့မှာ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ထားပြီး တနင်္ဂနွေနေ့ ညနေ ၃ နာရီမှာ ၂၂၆ မီတာ ကျိုးထားတဲ့ တမံပေါက်ရဲ့ ၈၇ ဒသမ ၃  မီတာ ကွာဟချက်ကို ပိတ်ဆို့ ပြီးစီးထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013