Home
မြန်မာသတင်း
သေဆုံးစစ်သည်များ၏ လစာထုတ်စားနေသည့် စစ်ကောင်စီတပ် အရာရှိအချို့ ဖမ်းဆီးခံရ
DVB
·
July 8, 2024

စစ်ကောင်စီတပ်မှာ ရှေ့တန်းမှာ သေဆုံးသွားတဲ့ တခြားအဆင့်တွေရဲ့ စာရင်းကို မတင်ပြဘဲ လစာထုတ်စားနေတဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီး တချို့ကို ဖမ်းဆီးထားတယ်လို့ စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

၂၀၂၂ ကနေ ၂၀၂၄ ခုနှစ်အတွင်း ရှေတန်းစစ်မြေပြင်တိုက်ပွဲတွေမှာ သေဆုံးသွားတဲ့ တခြားအဆင့် စစ်သည်တွေရဲ့ သတင်းကို တင်ပြခြင်းမရှိဘဲ လစာထုတ်စားနေတဲ့ ခြေလျင်၊ ခြေမြန်နဲ့ လက်ရုံးတပ်တွေက ဗိုလ်မှူး၊ ဗိုလ်ကြီးတချို့ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ စစ်ခုံရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“တပ်ထဲမှာ အဲ့ကိစ္စက ဖြစ်နေတာက ကြာပြီ၊ တိုင်တဲ့သူတွေများလို့ ဖမ်းတာ၊ အကြမ်းဖျင်း သိရသလောက်တော့ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး၊ တပ်ရေးဗိုလ်ကြီး ၁ ဦး၊ ဒါ့ထက်များရင်များမယ်။”

ကရင်နီပြည်နယ်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ သေဆုံး၊ ပျောက်ဆုံး၊ ဖမ်းဆီးခံရတဲ့ အခြားအဆင့် စစ်သည်တွေရဲ့ စာရင်းကို တင်ပြခြင်းမရှိတဲ့အထဲမှာ တပ်မ ၆၆ လည်း ပါတယ်လို့ လက်အောက်ခံ တပ်မိသားစုဝင်တဦးက ပြောပါတယ်။

“ရှေ့တန်းမထွက်ခင် အတင်းဖိအားပေး၊ နောက်တန်းပြန်လာရင် စကားမေးမရတော့ဘူး၊ သေရင် သေတယ်ပြောလိုက်၊ ရတယ်၊ တိုက်ပွဲတိုက်တာ သေမှာပဲ၊ မိသားစုကသိတယ်၊ ဒါပေမဲ့ စုံစမ်းမယ်ဆိုပြီး လစာမပေးဘူး၊ ခြောက်လ တနှစ်လောက်ကြာမှ သေတယ်ဆိုတာသိတာ။”

တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းတခုမှ မိသားစုဝင်တဦးက “ရှေ့တန်းမှာသေရင် ဘယ်တပ်ရင်းမှူးမှ မပြောဘူး၊ လစာကို အားရအောင် ထုတ်စားပြီးမှ အဆက်အသွယ်ရတယ်၊ သေသွားပြီလို့ ပြောတာ” လို့ ပြောပါတယ်။

အခုလိုဖြစ်စဥ်တွေဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဖြစ်နေတာဖြစ်ပြီး တပ်တွင်းမှာကျန်ခဲ့တဲ့ အခြားအဆင့်တွေရဲ့ ဘဝဟာ ပြေးစရာမြေမရှိ၊ အားကိုးစရာလူမရှိ ဖြစ်နေတာလို့ အငြိမ်းစားစစ်မှုထမ်းဟောင်းတဦးက ဝေဖန်သုံးသပ်ပါတယ်။

စစ်ခေါင်းဆောင်နဲ့အဖွဲ့ဟာ အောက်ခြေစစ်သည်တွေရဲ့ဘဝကို သိရှိခြင်းမရှိဘဲ တပ်ရင်းမှူးတွေရဲ့ ပြောစကားကို အတည်ပြုခြင်းကြောင့် ဒီလိုဖြစ်စဥ်တွေ များလာတာဖြစ်ပြီး ဒီကနေ့အချိန်ထိ သေဆုံးသူစာရင်းကို စစ်ကောင်စီဘက်က ထုတ်ပြန်ခြင်းမရှိဘူးလို့ တပ်မိသားစုဝင်တွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013