မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေး ၃ ဦး အပါအဝင် ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထို အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်ရှိ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ တဂေးချောင်းဖျားရွာ မောင်တူးကုန်းကနေ ဇူလိုင် ၆ ရက် ညနေ ၃ နာရီလောက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ၅ လုံးထဲက တလုံးဟာ ငှက်ပျောတောကျေးရွာ ဇီးကုန်းပိုင်းရှိ ရော်ဘာခြံထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၈ နှစ်ရွယ် မောင်သဲဖြူ၊ အသက် ၁၂ နှစ်အရွယ် မောင်ချစ်ဆန်းကို၊ အသက် ၁၃ နှစ်အရွယ် မောင်ကျော်စွာဦး၊ အသက် ၁၉ နှစ်အရွယ် မောင်ဝင်းဝင်းကို၊ အသက် ၄၉ နှစ်အရွယ် ဒေါ်ခင်သက်၊ အသက် ၅၁ နှစ်အရွယ် ဦးစံကေတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တလုံးနဲ့ ကားတစီးလည်း ပျက်စီးခဲ့ပါတယ်။
ငှက်ပျောတောရွာခံတဦးက “စစ်တပ်က ၂ နာရီကျော်ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်တာ။ သူတို့ပစ်တဲ့ လက်နက်ကြီးတွေက ရော်ဘာခြံတွေကျတာ။ အဲဒီမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းမိသားစုတွေ ထိသွားတယ်။ ကလေး ၃ ဦးနဲ့ လူကြီး ၃ ဦး ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူးလို့တော့ ပြောတယ်။ နေအိမ်တလုံးနဲ့ ကားတစီးလည်း ပျက်စီးခဲ့ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ည ၇ နာရီမှာလည်း လက်နက်ကြီး ၃ လုံး ထပ်မံပစ်ခတ်ခဲ့ရာ ငှက်ပျောတောရွာဘေးမှာ တလုံးနဲ့ ငှက်ပျောတောရွာနဲ့ ကင်မွန်းစခန်းရွာကြားမှာ ၂ လုံး အရပ်သားပြည်သူ့လုပ်ငန်းခွင်ထဲ ကျရောက်ခဲ့ပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ ကလေး ၃ ဦး အပါအဝင် ၆ ဦးဟာ ကျိုက်ထိုပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ကလည်း အမှတ် ၄၄ ခြေမြန်တပ်ရင်းက ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကရေးဝေးဆိပ်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၀ အရွယ် ဦးဖိုးရှုတ်နဲ့ နွား ၂ ကောင် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့ပါတယ်။
ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ရွာသားအများစုဟာ မကြာခဏ စစ်ရှောင်နေရပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ထဲက ကျေးရွာတွေကို အခုရက်ပိုင်းတွေမှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးလာပြီး ဝင်ရောက်တပ်စွဲနေထိုင်နေကာ အနီးဝန်းကျင်ရွာတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဇူလိုင် ၆ ရက် မနက် ၁၀ နာရီခွဲက ဂျိုးတောင်ရွာမှာ ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အဝေးထိန်းဒရုန်းတွေနဲ့ ပြင်ဝန်းရွာကို ဗုံးသီးချ တိုက်ခိုက်ခဲ့သလို ဇူလိုင် ၇ ရက် မွန်းတည့် ၁၂ နာရီလောက်မှာလည်း မင်းဂုတ်ရွာရှိ စစ်ကောင်စီစစ်ကြောင်းကနေ ဂျိုးတောင်ရွာအနီးတဝိုက်ကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ပြောပါတယ်။
“ဒရုန်းဗုံးသီး ၃ လုံးခန့် ချသွားတယ်။ ရဲဘော်တဦး ဒူးမှာ အနည်းငယ် ထိခိုက်တယ်။ PDF တွေ ရှိနိုင်တဲ့နေရာတွေ မှန်းပြီး ဗုံးချတာပါ။ တိုက်ပွဲမဖြစ်သေးပါဘူး။ နှစ်ဖက်စလုံး ပြင်ဆင်ထားပြီး စစ်ရေးတင်းမာလာနိုင်တယ်။”
စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၈၀ ခန့်ရှိတဲ့ စစ်ကြောင်းဟာ ဇူလိုင် ၅ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ မောင်းလှော်ရွာကနေ ဂျိုးတောင်ရွာကို စစ်ကြောင်းထိုးလာပြီး တပ်စွဲထားတာလို့ သိရပါတယ်။
အဲဒီနေ့ ညနေ ၄ နာရီလောက်မှာလည်း မင်းဂုတ်ရွာကနေ အင်အား ၄၀ ခန့်ရှိတဲ့ စစ်ကြောင်းတခုလည်း ဂျိုးတောင်ရွာကို အင်အားဖြည့်လာတာ တွေ့ရတယ်လို့ မြိတ်ခရိုင် စစ်ကြောင်း ၂ ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတည်းက တိုက်ပွဲဖြစ်လာနိုင်တာကြောင့် ပြင်ဝန်းရွာ၊ ဝါရစ်ရွာ၊ စန်းသစ်ရွာနဲ့ ဂျိုးတောင်ရွာမှာရှိတဲ့ ဒေသခံပြည်သူတွေမှာ နေရပ်စွန့်ခွာ ထွက်ပြေးကုန်ကြပြီး ဘေးလွတ်ရာ ရှောင်သွားကြတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
ဒေသခံပြည်သူတဦးက “တိုက်ပွဲတွေလည်း မဖြစ်ဘဲနဲ့ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ လာလာချတာ အခက်တွေ့တယ်။ အခုက လယ်လုပ်ရတဲ့ အချိန်လေ။ လယ်လည်း မလုပ်ရဘူး။ ရွာသားတွေလည်း ရှောင်နေရတော့ အခက်တွေ့တယ်လေ” လို့ ပြောပါတယ်။
ဇူလိုင် ၆ ရက် ည ၇ နာရီလောက်မှာလည်း မင်းဂုတ်ရွာကနေ မောင်းလှော်ရွာဘက်ကို စစ်ကောင်စီစစ်ကြောင်း ထပ်တက်သွားပြီး လက်ရှိမှာတော့ ဂျိုးတောင်ရွာနဲ့ မင်းဂုတ်ရွာတွေဘက်မှာ စစ်ကောင်စီက အင်အားဖြန့်ကျက်ထားတယ်လို့ မြိတ်ခရိုင် စစ်ကြောင်း ၂ ရဲ့ ပြန်ကြားရေးတာဝန်ခံက ထပ်ပြောပါတယ်။
ကျွန်းစုမြိုနယ်ရှိ မင်းဂုတ်ရွာမှာ အခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသွားကြတဲ့ အရပ်သားပြည်သူနေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက တံခါးဖျက်ဝင်ရောက်ကာ ပစ္စည်းဥစ္စာတွေကို ယူဆောင်သွားတဲ့ ဖြစ်စဥ်တွေ ရှိခဲ့တယ်လို့ ရွာခံတွေဆီက သိရပါတယ်။