Home
နိုင်ငံတကာ
တိုကျို အမျိုးသမီး အုပ်ချုပ်ရေးမှူး ကိုအိကဲ ရွေးကောက်ပွဲ ၃ ကြိမ်ဆက် အနိုင်ရ
DVB
·
July 8, 2024
Photo-Reuters

တိုကျိုမြို့တော် အုပ်ချုပ်ရေးမှူး ယူရီကို ကိုအိကဲဟာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ၃ ကြိမ်ဆက်အဖြစ် အနိုင်ရခဲ့ပြီး နောက်ထပ် ၄ နှစ်သက်တမ်း ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

တိုကျိုမြို့တော် နယ်နိမိတ်ကို ဂျပန်ရဲ့ စီရင်စု ၄၇ ခုထဲက တခုအဖြစ် သတ်မှတ်ထားတဲ့အတွက် မြို့တော်ဝန်မဟုတ်ဘဲ အုပ်ချုပ်ရေးမှူးက အုပ်ချုပ်တာဖြစ်ပါတယ်။

ကိုအိကဲဟာ မဲ ၂ ဒသမ ၉ သန်းကျော် ရခဲ့ပြီး မဲအားလုံးရဲ့ ၄၂ ဒသမ ၈ ရာခိုင်နှုန်း ရရှိခဲ့တာဖြစ်လို့ ပြိုင်ဘက်တွေအပေါ် အပြတ်အသတ် အသာရခဲ့ပါတယ်။

သူ့အောင်ပွဲဟာ ရုန်းကန်နေရတဲ့ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) အတွက် သက်သာရာရစေခဲ့ပါတယ်။

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ကိုအိကဲဟာ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တာဖြစ်ပေမဲ့ LDP ရဲ့ ထောက်ခံမှုရထားသူ ဖြစ်ပါတယ်။

၂၀၁၆ မှာ ပထမဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှူး ဖြစ်လာတဲ့ ကိုအိကဲဟာ ၂၀၂၀ ပြည့်နှစ်မှာ ဒုတိယသက်တမ်း အနိုင်ရခဲ့ပါတယ်။

ကွန်ဆာဗေးတစ်ဝါဒီ အုပ်ချုပ်ရေးမှူးဟာ ကိုဗစ်- ၁၉ ကာလတလျှောက်နဲ့ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ၂၀၂၁ ကို ရွှေ့ခဲ့ရတဲ့ တိုကျိုအိုလံပစ်ကို အောင်အောင်မြင်မြင် ဦးဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘွဲ့လက်မှတ်အတုလုပ်ခဲ့တယ်လို့ စွပ်စွဲခံရသလို သူအုပ်ချုပ်တဲ့ကာလ အခြေခံအဆောက်အအုံစီမံကိန်း တချို့ကြောင့်လည်း ဝေဖန်ခံရပါတယ်။

ကိုအိကဲဟာ ဂျာနယ်လစ်ဘဝကလာသူဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းမှာ နိုင်ငံရေးလောကထဲ မဝင်ခင် တီဗွီရုပ်သံ သတင်းတင်ဆက်သူ လုပ်ခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013