Home
မြန်မာသတင်း
ဘုတ်ပြင်းမြို့အဝင် စစ်ကောင်စီဂိတ်တွင် ဆန်သယ်ယူခွင့်ပိတ်၊ ဖုန်းများစစ်ဆေး ငွေတောင်းရမ်း
DVB
·
July 8, 2024

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီဂိတ်ကနေ ကုန်ကားတွေကို ဆန်အိတ်သယ်ယူခွင့် ပိတ်ပင်လိုက်ပြီး ဖုန်းတွေကိုလည်း တောင်းယူစစ်ဆေးနေတယ်လို့ ကုန်ကားမောင်းသူတွေဆီက သိရပါတယ်။

အခုနှစ် ဇွန် ၂၈ ရက်ကစပြီး ကုန်ကားမောင်းသူတွေကို မြို့အဝင်အထွက်တွေမှာ နှုတ်အမိန့်နဲ့ ပြောပြီးတော့ ဆန်အိတ်တင်ဆောင်ခွင့် မပြုခိုင်းတော့တာလို့ ကုန်ကားမောင်းနှင်သူတဦးက ပြောပါတယ်။

ကုန်ကားမောင်းနှင်သူတဦးက “မြိတ်-ဘုတ်ပြင်း ပြေးဆွဲတဲ့ စက်လှေတွေကိုပဲ ဆန်အိတ် တင်ခွင့်ရှိတယ်၊ စာထုတ်ပြီးပိတ်တာ မဟုတ်ဘူး။ တခြားကုန်ခြောက်ပစ္စည်းတွေနဲ့ ခရီးသွားလာခွင့်တွေကိုတော့ ပိတ်ပင်ထားတာ မရှိသေးဘူး” လို့ ပြောပါတယ်။

မြိတ်နဲ့ ဘုတ်ပြင်းမြို့ကို ရေလမ်းကနေတဆင့် သွားလာပါက နေ့တဝက်ကျော်လောက်သာ ခရီးစဥ်ပြေးဆွဲရပေမဲ့ မိုးတွင်းကာလမှာ ဆန်အိတ်တွေ မိုးရေစိုနိုင်တဲ့ အခြေအနေတွေ ရှိနေတဲ့အတွက် ကုန်ပို့ဆောင်ရတာ အခက်အခဲ ရှိနိုင်တယ်လို့လည်း ပြောပါတယ်။

အဆိုပါစစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းသွားလာတဲ့ကားတွေမှာ ပါလာတဲ့ ခရီးသည်ဆီကနေ ဖုန်းတွေကို တောင်းယူပြီး ဖုန်းအတွင်း ဒေတာအချက်အလက်‌တွေကို စစ်ဆေးတာမျိုးတွေကိုလည်း လုပ်ဆောင်နေတာရှိတယ်လို့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။

“ဖုန်း‌တွေကို ဘုတ်ပြင်းအဝင်ဂိတ်မှာ နေ့တိုင်းစစ်တယ်။ ဖေစ့်ဘွတ်ခ်နဲ့ မက်ဆင်ဂျာတို့ VPN‌ ခံတာရှိလား၊ အဲဒါတွေလည်း စစ်တယ်။ အကုန်ဖျက်ထားရင်ကောင်းမယ်၊ ရှာတွေ့တဲ့အကြောင်းအရာပေါ် မူတည်ပြီး ငွေတောင်းရမ်းတာပါ။”

မြိတ်-ဘုတ်ပြင်း ကားလမ်းပိုင်းက စစ်ကောင်စီရဲ့ ဗျူဟာအရ အရေးပါတဲ့ ၁၀၂၀ စခန်းကုန်းတခုကို တော်လှန်ရေး ပူးပေါင်းစစ်ကြောင်းဘက်က ဝင်ရောက်တိုက်ခိုက်တဲ့ အခုနှစ် ဧပြီ ၃၀ ရက်ကနေ မတ်လအထိ ကားလမ်းပိတ်ထားတာကြောင့် ရေလမ်းကနေပဲ သွားလာခွင့်နဲ့ ကုန်သွယ်ယူခွင့် ရခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ၁၀၂၀ စခန်းကုန်းကို မတ် ၁၂ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ပြီးတဲ့နောက် ကားလမ်းပြန်ဖွင့်ကာ ကုန်သယ်ယူခွင့် ရရှိခဲ့ပြီး အခုတကြိမ် ထပ်မံပြီးတော့ ဆန်အိတ်သယ်ယူခွင့် ပိတ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013