မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က စစ်ရှောင်ပြည်သူတွေ ရာသီတုပ်ကွေး ဖြစ်ပွားနေကြပြီး ဆေးဝါးရရှိဖို့ ခက်ခဲနေတယ်လို့ ဂန့်ဂေါဒေသခံတွေက ပြောပါတယ်။
ဇွန် ၂၅ ရက်လောက်ကစလို့ ကလေးငယ်နဲ့ လူကြီးတွေ ရာသီတုပ်ကွေး ဖြစ်ပွားနေကြပြီး ကုသဖို့ ကျန်းမာရေးဝန်ထမ်းရှားပါးမှုနဲ့ ဆေးဝါးတွေဝယ်ယူဖို့ ငွေကြေးမတတ်နိုင်ကြဘူးလို့ ပြောပါတယ်။
ဂန့်ဂေါမြို့နယ်မှာ စစ်ဘေးရှောင် ကလေးငယ်တွေ ကိုယ်ပူ၊ အဖျားတက်ပြီး လူကြီးတွေကို ပြန်လည်ကူးစက်ကာ ရာသီတုပ်ကွေး ဖြစ်ပွားလာကြတယ်လို့ ဆိုပါတယ်။
ဂန့်ဂေါစစ်ရှောင်စခန်းတခုရဲ့ တာဝန်ခံက “ကျနော်တို့စခန်းဆို လူ ၁၀၀ လောက်ရှိတာကို အယောက် ၅၀ လောက်ဖြစ်ကြတာ။ ဆေးခန်းကလည်း ၅ မိုင် ၆ မိုင်ကွာတော့ သွားရတာဝေးတယ်။ နီးစပ်တဲ့ CDM ဆရာမတွေနဲ့ ဆေးထိုးကြရတာ၊ သူတို့မှာလည်း လုံလောက်တဲ့ ပစ္စည်းတွေ ဆေးထိုးအပ်တွေ မရှိကြဘူး။ ကိုယ့်ဘာသာ ဆေးဝယ်သောက်ဖို့ရာကျ ကျနော်တို့တောင် နေ့စားလုပ်စားရတာ တနေ့ ၅,၀၀၀ လောက် ရတာဆိုတော့ ဝယ်ဖို့အခက်အခဲရှိတယ်” လို့ ပြောပါတယ်။
ဂန့်ဂေါမြို့နယ်မှာ ပျူစောထီးကျေးရွာ ၇ ရွာက ထွက်ပြေးတိမ်းရှောင်လာသူနဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ရှောင်စခန်း ၁၀ ခုကျော်ရှိတယ်လို့ မြို့နယ် ပအဖရဲ့ စာရင်းအရ သိရပါတယ်။
စစ်ဘေးရှောင်တွေကို ဂန့်ဂေါမြို့နယ် ပအဖက စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအတွက် အနည်းငယ် ထောက်ပံ့ပေးနိုင်ပေမဲ့ ကျန်းမာရေးထောက်ပံ့မှုတော့ မရှိသေးဘူးလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။