အင်ဒိုနီးရှားနိုင်ငံ၊ စူလာဝေစီကျွန်းပေါ်က တရားမဝင် ရွှေတွင်းတခုမှာ မိုးကြီးပြီးနောက် မြေပြိုခဲ့လို့ လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး တခြားလူ ၁၈ ဦး ပျောက်နေတယ်လို့ အရာရှိတွေက ဇူလိုင် ၈ ရက်မှာ ပြောပါတယ်။
ဂိုရွန်တာလိုပြည်နယ်၊ စူဝါဝါခရိုင်မှာ ဇူလိုင် ၇ ရက် မနက်က မြေပြိုခဲ့လို့ တွင်းသားတွေနဲ့ တရားမဝင် ရွှေတွင်းနားမှာနေတဲ့ ဒေသခံတွေ သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေးအေဂျင်စီ ဘာဆာနက်စ်ရဲ့ အကြီးအကဲ ဟေရီယန်တိုက ပြောပါတယ်။
ကယ်ဆယ်ရခက်တဲ့ မြေပြင်အနေအထားကြောင့် ကယ်ဆယ်ရေးအတွက် ကူညီဖို့ ရဲက ရဟတ်ယာဉ်တစီး လွှတ်ပေးခဲ့ရပါတယ်။
မြေပြိုလို့ လူနေအိမ်အတော်များများနဲ့ တံတားတစင်း ပျက်စီးတယ်လို့ အင်ဒိုနီးရှား ကပ်ဘေး ကယ်ဆယ်ရေးအဖွဲ့ (BNPB) က ပြောပါတယ်။
ဂိုရွန်တာလိုပြည်နယ်အတွင်း တချို့ဧရိယာတွေမှာ အင်္ဂါနေ့အထိ မိုးဆက်ရွာနိုင်တယ်လို့ (BNPB) က ဒေသခံတွေကို သတိပေးထားပြီး နောက်ထပ် ကပ်ဘေးတွေ ရှိလာနိုင်လို့ နိုးနိုးကြားကြား ရှိကြဖို့ တိုက်တွန်းထားပါတယ်။
Source-Reuters