ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကနေ ထွက်ခွာမယ့် စစ်ရှောင်ကား ထောင်ချီ မြို့အထွက်လမ်းမှာ ဇူလိုင် ၈ ရက် အစောပိုင်းကစပြီး ပိတ်မိ သောင်တင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ရှောင်ဖို့ ထွက်လာတဲ့ အမျိုးသမီးတဦးက “တလှိမ့်ချင်းပဲ သွားနေရတယ်။ တန်းစီနေတဲ့ ကားတန်းက မြို့တော်ခန်းမထိတောင် ရောက်နေပြီ။ ကျမတို့ မနက်အစောကြီးက တန်းစီနေတာတောင် အဝေးပြေးကားကွင်း အကျော်နားပဲ ရှိသေးတယ်” လို့ ပြောပါတယ်။
မြို့ထဲမှာ လက်ရှိ နေထိုင်လို့ရပေမဲ့ တိုက်ပွဲအခြေအနေ ပိုဆိုးလာရင် မြို့ထဲ ပိတ်မိသွားနိုင်သလို လက်နက်ကြီးတွေကလည်း မြို့ထဲ ရပ်ကွက်တွေမှာ ကျပြီး နေ့တိုင်း ပြည်သူတွေထိတာတွေ၊ သေဆုံးဝာာတွေ၊ နေအိမ်တွေထိတာတွေအပြင် မြို့ထဲ လေကြောင်း ဗုံးကြဲလာမှာ စိုးရိမ်လို့ ရှောင်လာခဲ့ရတယ်လို့ သူကပြောပါတယ်။
စစ်ရှောင် နောက်ထပ်တဦးက “မနေ့ကတော့ မနက် ၆ နာရီကနေ မနက် ၉ နာရီထိ ပေးထွက်မယ်လို့ ပြောတယ်။ မယ်ဟန်လမ်းပဲ ရတယ်။ ဒီနေ့ ပေးဖြတ်လို့ မယ်ဟန်ဂိတ် ကျော်နိုင်ရင်တောင် မိုးချုပ်လောက်တယ်” လို့ ပြောပါတယ်။
မန္တလေးအဆင်းဘက်လည်း စဉ့်အင်ဖောင်ဆိပ်အထိ ကားတွေ တောက်လျှောက် ပိတ်မိနေတယ်လို့ သိရကြောင်း သူကပြောပါတယ်။
အခု ဇူလိုင် ၃ ရက် မနက်အစောပိုင်းကစပြီး လားရှိုးမြို့ အနီးဝန်းကျင်ကို MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။