Home
သတင်းဓာတ်ပုံ
ဆဲဗင်းဂျူလိုင်စိတ်ဓာတ်မျိုး ကိုင်စွဲပြီးတော့ အဆုံးသတ်တိုက်ပွဲဆီကို သွားရမယ်
DVB
·
July 8, 2024

ဆဲဗင်းဂျူလိုင် အရေးတော်ပုံ ၆၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို  ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို ချင်းမိုင်ရောက် မြန်မာ ကျောင်းသူ/ကျောင်းသားများကွန်ရက်နဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) တို့ ပူးပေါင်းပြီး ၇ ရက်က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။

ထိုင်းနဲ့ မြန်မာတက်ကြွလှုပ်ရှားသူတွေ၊ ချင်းမိုင်တက္ကသိုလ်က ကျောင်းသားတွေ တက်ရောက်ခဲ့ကြပြီး GSC ရဲ့ ညှိနှိုင်းရေးမှူး ကိုမျိုးသူရလည်း တက်ရောက်ကာ  ဆဲဗင်းဂျူလိုင် အမှတ်တရစကား ပြောကြားခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC) ညှိနှိုင်းရေးမှူး ကိုမျိုးသူရက “ချင်းမိုင်မှာ ဘာလို့လုပ်ဖြစ်လဲဆိုတော့ ၁၉၆၂ ကနေ ၂၀၂၄ အထိ တနှစ်မှမပျက်ဘဲ ရတဲ့နေရာမှာ ရှိတဲ့အင်အားကို အသုံးပြုပြီး ဖြစ်သမျှနည်းနဲ့ ပြည်တွင်းထဲမှာ ပုံစံမျိုးစုံနဲ့ ပြုလုပ်ခဲ့တဲ့ပွဲ ဖြစ်တယ်။ ဒီနေ့ ချင်းမိုင်မှာ လုပ်ဖြစ်ရတာကလည်း အဓိကကတော့ ဆဲဗင်းဂျူလိုင်ဆိုတာ နိုင်ငံတကာမှာရှိတဲ့ မြန်မာအရေး တက်ကြွလှုပ်ရှားသူတွေ၊ ဒီရောက်နေတဲ့ မြန်မာအရေး တက်ကြွလှုပ်ရှားသူတွေကြားမှာ သိမှုပိုတိုးလာအောင်၊ အတော်များများကတော့ မြန်မာပြည်အရေး သိပါတယ်၊ နားလည်ပါတယ်လို့ ပြောနေတဲ့သူ တချို့တောင်မှ ဆဲဗင်းဂျူလိုင်လို့ ပြောလိုက်ပြီဆိုရင် သူတို့တွေ ဒီဆဲဗင်းဂျူလိုင်အကြောင်းကို သိပ်မသိဘူးဆိုတာ တွေ့ရတယ်။ အဓိကတော့ ဆဲဗင်းဂျူလိုင် ဘယ်လိုဖြစ်ပျက်ခဲ့တယ်၊ ဆဲဗင်းဂျူလိုင်မှာ ဘာတွေဖြစ်သွားခဲ့တယ်၊ ဘာကြောင့်ဖြစ်ပေါ်လာရတယ်၊ ဘာကြောင့် အခုအချိန်ထိတောင် လုပ်နေတယ် ဆိုတဲ့ဟာတွေကို နိုင်ငံတကာ အသိုက်အဝန်းနဲ့ နိုင်ငံတကာရောက် မြန်မာတွေကြားမှာ ပြန်ပြီးတော့ နိုးကြားလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ချင်းမိုင်မှာ လုပ်ဖြစ်တာပါ။”

ဒီအခမ်းအနားမှာတော့ ဆဲဗင်းဂျူလိုင်အမှတ်တရ စကားပြောတာ၊ “၇.၇.၆၂ မမေ့ကြနဲ့” မှတ်တမ်းရုပ်သံ ပြသတာ၊ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်ပုံတွေ ပြသတာနဲ့၊ Performance Art ပြုလုပ်တာ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ရဲ့ ရန်ပုံငွေဈေးရောင်တဲ့ အစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။

တကသကျောင်းသားဟောင်းများအင်အားစု အထွေထွေအတွင်းရေးမှူး ဘုန်းသစ်က “စစ်ရေး နိုင်ငံရေး၊ သပိတ်၊ နိုင်ငံတကာဆက်ဆံရေး စသဖြင့် ပြည်တွင်း၊ ပြည်ပ ပေါင်းစည်းပြီး တိုက်ပွဲဝင်နေကြတာ ဖြစ်တယ်။ သေချာပေါက် မကြာတော့တဲ့ကာလမှာ အောင်ပွဲဆင်နိုင်မှာ ဖြစ်တယ်လို့ ယုံကြည်တယ်။ ဒီလိုအောင်ပွဲဆင်နိုင်ဖို့အတွက် ကျနော်တို့သည် ဆဲဗင်းဂျူလိုင်စိတ်ဓာတ်မျိုးကို ကိုင်စွဲပြီးတော့ အဆုံးသတ်တိုက်ပွဲဆီကို သွားရမှာဖြစ်တယ်။ အဲဒီအချိန်မှာ ဆဲဗင်းဂျူလိုင်လို အခမ်းအနားမျိုးကို ပြည်ပမှာ လုပ်စရာမလိုတော့ဘဲနဲ့ ရန်ကုန်တက္ကသိုလ်အတွင်းထဲမှာ ပြန်လည်လုပ်နိုင်မှာ ဖြစ်တယ်။ ကျောင်းသားသမဂ္ဂအဆောက်အဦ မြေနေရာမှာ စုဝေးချင်ပါတယ်။ ပြီးတော့ နိုင်ငံတော်အသစ်မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦကို ကျနော်တို့ လက်တွဲညီညီနဲ့ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ပြန်တည်ဆောက်ချင်ပါတယ်။ ဒါသည် ကျနော်တို့ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ရန်ကုန်နဲ့ နိုင်ငံအနှံ့ နေရာတချို့နဲ့ ပြည်ပနိုင်ငံတွေမှာပါ ပြုလုပ်ခဲ့ပါတယ်။

ဆဲဗင်းဂျုလိုင် အရေးတော်ပုံဟာ ဦးနေဝင်း ဉီးဆောင်တဲ့ ၁၉၆၂ ခုနှစ် အာဏာသိမ်း စစ်အစိုးရလက်ထက်မှာ ကျောင်းသားလှုပ်ရှားမှုကို အကြမ်းဖက်ဖြိုခွဲကာ သမဂ္ဂအဆောက်အဦကိုလည်း ဗုံးခွဲဖျက်ဆီးခဲ့တာကြောင့် အဲဒီအချိန်တုန်းက ကျောင်းသားအများအပြား သေဆုံးဒဏ်ရာရခဲ့ပါတယ်။

စောမင်းသိမ်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013