မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၊ ရွှေသံလွင်တိုးဂိတ်မှာ ဇူလိုင် ၆ ရက်က စစ်ကောင်စီတပ်သားတွေက ယာဉ်တစီးပေါ်ကနေ အမျိုးသားတဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရွှေသံလွင်တိုးဂိတ်မှာ စစ်ကောင်စီတပ်သားတွေ မနက် ၁၀ နာရီလောက်က စစ်ဆေးနေတဲ့အချိန် ဘားအံဘက်ကနေ သထုံဘက်ကို မောင်းလာတဲ့ ဟွန်ဒါဖစ် အနက်ရောင် ကားပေါ်ကနေ ပစ္စတိုတလက်၊ ရှော့ဂန်းတလက်နဲ့အတူ အသက် ၄၀ အရွယ် ကိုအောင်ကျော်မိုး ဆိုသူကို ဖမ်းဆီးရမိခဲ့ပါတယ်။
ရဲစခန်းနဲ့ နီးစပ်သူတဦးက “ပုံမှန်အတိုင်း ရွှေသံလွင်ဂိတ်မှာ စစ်နေတဲ့အချိန် ကားမောင်းလာတဲ့လူက အမူအရာမမှန်လို့ တကားလုံး စစ်လိုက်တဲ့အချိန်မှာ ကျည် ၁၀ တောင့်စီရှိတဲ့ ပစ္စတိုတလက်နဲ့ ရှော့ဂန်းတလက် တွေ့တာ။ အခု စစ်ဆေးနေတုန်းပဲဆိုတော့ ဘယ်လိုအရေးယူမလဲ ဆိုတာတော့ သေချာမသိသေးဘူး” လို့ ပြောပါတယ်။
လက်နက်တွေနဲ့အတူ ဖမ်းဆီးခံရတဲ့ ကိုအောင်ကျော်မိုးဟာ ကျိုက်ထို သိမ်ဇရပ်မြို့မှာ နေထိုင်ပြီး သူ့ကို သထုံရဲစခန်းမှာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ကိုအောင်ကျော်မိုး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ကျိုက်ထိုမြို့နယ်ရှိ တော်လှန်ရေးအဖွဲ့တွေကို ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့မသိသလို ပတ်သက်တာလည်း မရှိဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်ကလည်း မုဒုံမြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်မှာ ပစ္စတို ၅ လက်၊ ကျည်ဆန်တွေနဲ့အတူ အမျိုးသားတဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။