Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် စပါးစျေးကျဆင်းပြီး တောင်သူများ အရှုံးပေါ်
DVB
·
July 8, 2024
Photo-DVB

ဆန်ကုန်သည်တွေကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးပြီးနောက် ပဲခူးတိုင်းထဲမှာ စပါးဈေး သိသိသာသာကျသွားပြီး စပါးစိုက်တောင်သူတွေ အရှုံးပေါ်နေပါတယ်။

ဆန်စျေးတွေ အဆမတန် တက်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်ကစပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ၊  ဒု-ဥက္ကဋ္ဌတို့ အပါအဝင် ဆန်ဂိုထောင်တွေ၊ ဆန်စက်ပိုင်ရှင်တွေ၊ စျေးဝယ်စင်တာ တာဝန်ရှိသူတွေကို စစ်ကောင်စီက ဖမ်းဆီး အရေးယူခဲ့ပါတယ်။

ဒါ့အပြင် တောင်သူတွေထံက ဝယ်ယူရမယ့်စပါး‌စျေးကို ထိန်းချုပ်ပေးမထားတာကြောင့် စပါးစျေးက ကျချင်သလောက် ထိုးကျနေတာလို့ ပြည်မြို့နယ်ထဲက တောင်သူတယောက်က ပြောပါတယ်။

“ဆန်စက်ပိုင်ရှင်တွေ၊ ဆန်ကုန်သည်တွေကို ဖမ်းလိုက်တဲ့အတွက်ကြောင့်မို့လို့ သူတို့ကို မဖမ်းခင်တုန်းက စပါး ၁၀၀ ကို ၂၅ သိန်း ရောင်းရတာကနေ အခု ၁၂ သိန်းစျေးနဲ့ပဲ ဝယ်ပါတော့တယ်။ တဧကကို သွင်းအားစုဖိုးက ၁၅ သိန်းလောက်ကျတော့ အခု အရမ်းရှုံးတာပေါ့။ အခု ဆန်စေျးကျတော့လည်း အပြင်မှာ သူတို့ဝယ်မယ်ဆိုရင် သူတို့ရှိနေရင် တတင်းခွဲတအိတ်ကို ၇၀,၀၀၀၊ သူတို့မရှိတော့ရင် ဆန်ကောင်းရင် ကောင်းသလို ၁ သိန်း ၂ သောင်း၊ ၃ သောင်းကနေ ၈ သောင်းခွဲလောက်အထိ ဆန်စက်တွေက ဖြန့်ရောင်းတယ်။ ဆန်စက်တွေမှာလည်း စပါးတွေ အများကြီးပုံထားရင် သူတို့က ဖမ်းတယ်။ စိုက်တော့ကျတော့လည်း အတန်းလိုက် စိုက်ရမယ်တဲ့။ မစိုက်ရင် ခင်ဗျားတို့လယ်တွေ သိမ်းမယ်၊ ပုံစံ ၇ တွေ သိမ်းမယ်ဆိုပြီး စိုက်ပျိုးရေးနဲ့ ထွေအုပ်က သေနတ်တကားကားနဲ့ လာပြီး ခြိမ်းခြောက်နေတာ။”

ဇီးကုန်းမြို့နယ်ထဲမှာလည်း ကုန်သည်တွေက စပါးမဝယ်ကြတာကြောင့် အထွက်နောက်ကျတဲ့ နွေစပါးစိုက်တောင်သူတွေဟာ ပေးတဲ့စျေးနဲ့ ရောင်းချနေရပြီး အရှုံးပေါ်နေကြတယ်လို့ ဇီးကုန်း တောင်သူတဦးက ပြောပါတယ်။ 

“ဆန်စျေးတက်တယ် အကြောင်းပြပြီး ကုန်သည်တွေကို ဖမ်းတယ်။ အဲဒီလိုလုပ်ကတည်းက ကုန်သည်က မဝယ်တော့ဘူးဆိုပြီး လုပ်လိုက်တော့ ဒီနွေစပါးက နောက်ကျပြီးပေါ်လာတဲ့သူတွေ ဝယ်မယ့်သူမရှိဘူး၊ အဲတော့ ရတဲ့စျေးနဲ့ ထိုးရောင်းရရော၊ ပထမ ၁၈ သိန်း ၁၉ သိန်း ပေါက်နေတဲ့ စပါးက ၁၃ သိန်း ၁၂ သိန်းပဲ ရတော့တယ်။ သွင်းအားစုတွေက တနေ့တခြား တက်နေတာ၊ နေ့စဉ်တက်နေတာ။ ဒီနေ့စျေးနဲ့ မနက်ဖြန်စျေးတောင် မတူဘူး။ တက်- တက်တဲ့စျေးနဲ့ တောင်သူက ဝယ်သုံးနေရတာ။ ဆန်စျေးကျတော့ မဟားတရားကြီး ပေးဝယ်စားနေရတာ။ စပါးက ဒီနေ့ရိပ်ပြီးတာနဲ့ ဒီနေ့ရောင်းမှ၊ လယ်သမားမှာ အခြောက်ခံစက်လည်း မရှိဘူး၊ လုပ်သားလည်းမရှိဘူး။ ထားပြီးရောင်းဖို့ကိုတောင် သူက တောင့်ခံမထားနိုင်ဘူး။ ပေးရမယ့်အကြွေးတွေကလည်း ရှိတယ်။ ဒါကြောင့် ချက်ချင်းရောင်းရတယ်။ အဲဒီတော့ ရတဲ့စျေးနဲ့‌ ရောင်းလိုက်ရတာပေါ့။ တောင်သူတွေကတော့ ဒုံရင်းဒုံရင်းပါပဲ။” 

သဲကုန်းမြို့နယ်ထဲက တောင်သူတွေလည်း အရှုံးပေါ်ကြတာကြောင့် လာမယ့်နှစ်ကို နွေစပါးစိုက်သူ လျော့နည်းသွားလိမ့်မယ်လို့ တောင်သူတယောက်က ပြောပါတယ်။

“မိုးစပါးဆိုရင် ၂၃ ထိ ပေါက်ခဲ့တာ၊ ကုန်သည်က စပါးမဝယ်သေးဘူးဆိုတော့ လယ်သမား တချို့လည်း ကြိတ်ခွဲပြီး ရွာတွေမှာ လက်လီပြန်ရောင်းတာတို့၊ တချို့ကျတော့လည်း မရောင်းရတော့ ငွေတိုးချေးပြီး ပြန်လုပ်ရတာပေါ့။ လုပ်အားခတွေလည်း ပိုကုန်တာပေါ့။ လှမ်းပြီး အိတ်တွေဝယ်သွပ်ပြီး ထားရတယ်။ လမ်းခရီးနီးတဲ့သူတွေကတော့ စက်တွေမှာ တိုက်ရိုက်ပို့ကြတယ်။ ပို့သာထားကြတာ သူတို့လည်း စျေးမဖြတ်ကြသေးဘူး။ လမ်းခရီး‌ဝေးတဲ့ သူတွေကျတော့ စရိတ်နဲ့ပဲ မလွယ်ဘူး။ ကျနော်ဆိုရင် လမ်းစရိတ်တောင် ပြန်မရဘူး။ လာမယ့်နှစ်တော့ မစိုက်မဲ့တောင်သူတွေ များမယ်။ ကျနော်ဆိုရင် ဧက ၂၀ စိုက်တာ၊ လာမယ့်နှစ်တော့ ၅ ဧကလောက်ပဲ စိုက်နိုင်မယ်။”

တနိုင်ငံလုံးမှာ ကုန်စျေးနှုန်းတွေ အဆမတန် ကြီးမြင့်လာပြီး ပြည်တွင်းကထွက်တဲ့ ဆန်ပါ စျေးတက်နေတာကြောင့် စစ်ကောင်စီက ပြည်တွင်းစီးပွားရေး တည်ငြိမ်စေရေးနဲ့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆိုပြီး မြန်မာတနိုင်ငံလုံးက ဆန်ဂိုဒေါင် ၁၀၂ လုံး၊ ဆန်စက် ၂၅ ခု၊ ဆိုင်ခန်း ၇ ခုတို့က ဆန်စပါးလုပ်ငန်းရှင် ၅၈ ဦးကို ဖော်ထုတ် စစ်ဆေးခဲ့ပါတယ်။

အဲလိုစစ်ဆေးပြီး ဈေးကွက်သတ်မှတ်ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းကနေ ၃၁ ရာခိုင်နှုန်းထိ တင်ရောင်းချတဲ့ လုပ်ငန်းရှင်တွေကို ဒဏ်ကြေးနဲ့ အခွန် ထပ်မံစည်းကြပ်သွားမှာ ဖြစ်ကြောင်း၊ သတ်မှတ်ဈေးနှုန်းထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ အကျိုးအမြတ်  ရယူရောင်းချခဲ့တဲ့ လုပ်ငန်းရှင်တွေကို ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ အရေးယူဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မင်းညို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013