စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနကပေးတဲ့ ဟာသပညာထူးချွန်ဆုကို သရုပ်ဆောင် မြင့်မြတ်၊ ခင်လှိုင်၊ မာမီသက်နဲ့ မိုးညိုတို့ ရရှိခဲ့ပြီး ဇူလိုင် ၇ ရက်က နေပြည်တော်ဆုချီးမြှင့်ပွဲမှာ လက်ခံရယူကြပါတယ်။
ဟာသပညာထူးချွန်ဆု ရရှိသူတွေကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ Plenary Hall မှာ မနေ့မနက်ကပြုလုပ်တဲ့ ၁၄ ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များ ဂါရဝပြု ကန်တော့ပွဲမှာ ပေးခဲ့တာပါ။
ဒီပွဲကို ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဦးရဲတင့်နဲ့ စစ်ဗိုလ်ချုပ်အချို့ တက်ရောက်ခဲ့သလို စစ်တပ်ထောက်ခဲ့တဲ့ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး (ဗဟို) မှ နာယက၊ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေလည်း တက်ခဲ့ပါတယ်။
တိုင်းပြည်ပူဆွေးသောကရောက်နေချိန်မှာ လူထုကို ပျော်ရွှင်အောင် လုပ်နိုင်တယ်လို့ဆိုကာ စစ်တပ်က ဒီဆုကို ပေးခဲ့တာလို့ ပွဲတက်ရောက်ခဲ့တဲ့ ဟာသပညာရှင်တဦးက DVB ကို ပြောပါတယ်။
“ဟာသပညာထူးချွန်ဆုရတာ မြင့်မြတ်၊ ခင်လှိုင်၊ မာမီသက်၊ မိုးညို၊ ဟာသပညာဖန်တီးမှုဆုရတာ၊ ဒါရိုက်တာမောင်သီ၊ ကိုဇော်(အရုဏ်ဦး)၊ စစ်တပ်လုပ်တဲ့ ပွဲတွေမှာ လိုက်ပြီး သီချင်းဆိုပေးတဲ့သူတွေလည်း ရတယ်။”
သရုပ်ဆောင် မြင့်မြတ်နဲ့ ခင်လှိုင်ကို ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဟာသပညာထူးချွန်ဆုပေးပြီး ဒုဝန်ကြီး ဦးရဲတင့်က မာမီသက်၊ မိုးညိုနဲ့ အုန်းဒိုင်းတို့ကို ပေးခဲ့ပါတယ်။
ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ဟာသပညာဖန်တီးမှု ထူးချွန်ဆုရရှိတဲ့ ကိုဇော်(အာရုဏ်ဦး)၊ ဒါရိုက်တာမောင်သီနဲ့ ချစ်ချော၊ ပေါ်ဦးတို့ကို ပေးခဲ့ပါတယ်။
စစ်ကောင်စီက ကျင်းပတဲ့ပွဲမှာ အမြဲတမ်း ပါဝင်ဖျော်ဖြေခဲ့သူတွေဖြစ်တဲ့ ဦးထက်လင်း၊ ဦးလန်ဒန်၊ ဝါဝါအောင်၊ ဦးပေါ်ပေါ်၊ ဦးဒေါင်းရှိန်၊ ဦးချစ်စံ၊ ဦးမင်းထိုက်၊ ဦးအောင်ချစ်၊ ဦးသော်သော်၊ ဦးစန်းဝင်းမောင် တို့ကိုတော့ “လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံးဆု” ကို မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး ဥက္ကဋ္ဌ ဦးဒိန်းဒေါင်က ပေးခဲ့ပါတယ်။