ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို စစ်ရှောင်လာတဲ့ မြန်မာကလေးငယ်တွေ ပညာဆက်လက် သင်ကြားနိုင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။
နိုင်ငံတနိုင်ငံရဲ့ အနာဂတ်က လူငယ်မျိုးဆက်တွေအပေါ် မူတည်နေတယ်ဆိုရင် သူတို့ရဲ့ ပညာရေးက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့နောက် ကလေးငယ်တွေရဲ့ ပညာရေးလမ်းကြောင်းတွေ ပြတ်တောက်ခဲ့ရပြီး ပညာဆက်သင်ယူနိုင်ဖို့ စိန်ခေါ်မှုများစွာ ရှိနေပါတယ်။
အဲဒီထဲကမှ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို စစ်ရှောင်လာကြရသူတွေရဲ့ ကလေးငယ်တွေကတော့ ပညာသင်ယူနိုင်ဖို့ ဒီနှစ် စာသင်နှစ်အထိ အဟန့်အတားတွေ ရှိနေဆဲပါ။
ပြည်တွင်းမှာ စစ်ကောင်စီက လိုက်လံဖမ်းဆီးတာကို ရှောင်ရှားဖို့ မဲဆောက်မြို့ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မချိုကွိရဲ့သား မောင်ကောင်းထက်တယောက် ကျောင်းမတက်ရတာ ၄ နှစ်ကျော်ရှိပါပြီ။ စာသင်ခန်းနဲ့ ဝေးကွာတာ ကြာလာတဲ့အခါ ပတ်ဝန်းကျင်က ကလေးငယ်တွေနဲ့ သဟဇာတဖြစ်ဖို့ပါ အားနည်းလာတဲ့ အခြေအနေပါ။
မချိုကွိက “သူက အခုဆိုရင် ဘာဖြစ်သွားလဲဆိုတော့ ပတ်ဝန်းကျင်က ကလေးတွေနဲ့ ဆက်ဆံမှု မရှိတော့ဘူး၊ ပတ်ဝန်းကျင်က ကလေးတွေကို ခေါ်ရကောင်းမှန်း မသိတော့ဘူး၊ ဆော့ရကောင်းမှန်း သူ မသိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ ဖြတ်သန်းရတဲ့ ကျပ်တည်းမှုအပေါ်မှာပေါ့နော်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန အခြေခံပညာရေးဦးစီးဌာနအောက်မှာရှိတဲ့ အခြေခံပညာကျောင်း၊ ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ကျောင်းအပ်နှံတဲ့ ကျောင်းသားအရေအတွက် ၆ ဒသမ ၃ သန်းကျော်ရှိတယ်လို့ ဇွန် ၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
Save the children အဖွဲ့ရဲ့ စာရင်းတွေအရ ကျောင်းပြင်ပရောက်ရှိသွားတဲ့ ကလေးသူငယ် အရေအတွက်ဟာ ၇ ဒသမ ၈ သန်းကျော် ရှိနေပါတယ်။
အဲဒီထဲ မောင်ကောင်းထက်တို့လို ကလေးငယ်တွေ ပါဝင်နေတာပါ။ သူ့လိုပဲ စစ်ရှောင်လာတဲ့ မီးရထား CDM ဝန်ထမ်းတယောက်ရဲ့ သမီးဖြစ်သူ မငြိမ်းအိဖြူကတော့ ကျောင်းဖွင့်ချိန် ရောက်တိုင်း ကျောင်းတက်ရဖို့ကို မျှော်လင့်နေရှာတဲ့အတွက် မိခင်ဖြစ်သူအနေနဲ့ စိတ်မကောင်း ဖြစ်နေရပါတယ်။
မိခင်ဖြစ်သူ မဇင်မာက “တတန်းတက်ပြီး တတန်းအောင်ပြီး ၂ တန်းမှာ စာမေးပွဲမဖြေရသေးဘူး ဒီဘက်ရောက်လာတာ၊ တို့လို့တန်းလန်းကြီး မထားနိုင်ဘူးလေ။ ဒီမှာက ထားလို့ရှိရင် ကျောင်းအပ်ခတွေ၊ ကျောင်းကားခတွေ ပေးရတယ်လေ။ အဲဒီတော့ မထားနိုင်ဘူး။ ကျောင်းက ဆယ့်နှစ်ရာသီ တက်ချင်တယ်ပဲ ပြောတာ၊ မေမေ သမီးကျောင်းတက်ချင်တယ်ပဲ ပြောတာ၊ ကျောင်းမထားဘူးဆို ငိုပြီ” လို့ ပြောပါတယ်။
မချိုကွိနဲ့ မဇင်မာတို့လို့ စစ်ရှောင်လာရတဲ့ မိသားစုတွေဟာ အထောက်အထား အပြည့်အစုံ မရှိတာ၊ ရပ်တည်ရှင်သန်ရေးအတွက် ရုန်းကန်နေရတာတွေကြောင့် ကလေးတွေကို ကျောင်းမပို့နိုင် ဖြစ်နေကြရပါတယ်။
စာသင်နှစ် ၄ နှစ်လောက် ကျောင်းခန်းတွေနဲ့ ဝေးကွာခဲ့တဲ့နောက် အသက်အရွယ်နဲ့ ပညာတတ်မြောက်မှု ကွာဟတာတွေကိုပါ ကြုံတွေ့နေကြရတာပါ။ အဲဒီလို ကလေးတွေအတွက် ထိုင်း-မြန်မာနယ်စပ်မှာ လူမျိုးဘာသာမရွေး ပညာသင်ကြားနိုင်တဲ့ ကျောင်းတွေရှိဖို့ လိုအပ်နေတယ်လို့ ပညာရေးအသိုက်အဝန်းက ထောက်ပြကြပါတယ်။
CDM ကျောင်းဆရာတဦးက “တကယ်တော့ ဒီထိုင်းနိုင်ငံမှာဆိုရင် ရကိုရရမယ်ဆိုတဲ့ လောရှိပြီးသားဖြစ်တယ်။ ဒီအတွက်လည်း သူတို့က စာချုပ်ချုပ်ပြီးသား သူတို့အခွင့်အရေးလည်း ပေးထားတယ်။ သို့သော်လည်း တစ်အချက်က စားဝတ်နေရေးပေါ့၊ နှစ်အချက်က မိဘတွေရဲ့ တွန်းအားပေးမှုကို သူတို့ အပြည့်အဝမရကြဘူး။ ဒီမှာကျတော့ ကျနော်တို့ လူမျိုးရေး လူမျိုးစုကို အခြေခံထားတဲ့ ကျောင်းတွေရှိသလို ဘာသာရေးကို အခြေခံထားတဲ့ ကျောင်းတွေရှိတယ်။ နောက်တခုက လိုကယ်ကို အခြေခံထားတဲ့ကျောင်းတွေရှိတော့ တက်ချင်တဲ့ကျောင်းတိုင်းလည်း တက်လို့ မရပြန်ဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့က ကလေးတွေအနေနဲ့ လူမျိုးမရွေး ဘာသာမရွေး အားလုံး လာရောက် တက်နိုင်တဲ့ ကျောင်းတွေကတော့ မဲဆောက်မှာပေါ့နော်၊ တနည်းအားဖြင့် ဒီလိုဘော်ဒါလိုင်းတွေမှာ ထိုင်းအစိုးရက နေခွင့်ပြုပေးတဲ့ကျောင်းတွေ ရှိလာဖို့ လိုအပ်သေးတယ် လို့ ကျနော် ယူဆတယ်” လို့ ပြောပါတယ်။
မဲဆောက်မြို့မှာ မြန်မာကလေးငယ်တွေကို စာသင်ပေးနေတဲ့ ကျောင်းပေါင်း ၈၀ ကျော်မှာ ကျောင်းသားဦးရေ ၁၅၀၀၀ ကျော် ပညာသင်ကြားနေပါတယ်။ ပြည်တွင်း စစ်ကြောင့် စစ်ဘေးရှောင်တွေ များပြားလာတဲ့အတွက် နှစ်စဉ် ကျောင်းသားဦးရေဟာလည်း ၂ ဆကျော် တိုးနေတယ်လို့ ရွှေ့ပြောင်းကလေးငယ်တွေကို သင်ကြားပေးနေတဲ့ ကျောင်းတွေဆီကနေ သိရပါတယ်။
ဒါပေမဲ့ မောင်ကောင်းထက်နဲ့ မငြိမ်းအိဖြူတို့လို့ မြန်မာကလေးငယ်တွေကတော့ ဒီလို တိုးလာနေတဲ့ ကျောင်းတက်နိုင်သူ ကလေးတွေထဲ မပါဝင်နိုင်သေးတဲ့အပြင် အနာဂတ်ပညာရေး လမ်းကြောင်းဟာလည်း ဝေဝါနေဆဲပါ။
သူသူ