ကရင်ပြည်နယ်၊ ကော့ကရိတ်- မြဝတီ(အာရှ)လမ်းနဲ့ ဒေါနတောင်အနီးမှာ နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့ အောင်ဇေယျ စစ်ကြောင်း ဆုတ်ခွာ ထွက်ပြေးသွားတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေက နယ်မြေတချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာအဓိကအရေးပါတဲ့ အာရှလမ်းမကြီးနဲ့ မြဝတီမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ဖို့ နိုင်ငံအဆင့် အောင်ဇေယျ စစ်ဆင်ရေးအမည်နဲ့ ကြည်းနဲ့ လေတပ် အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဧပြီလကတည်းက ဖြစ်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ ၃ လနီးပါးကြာမြင့်လာတဲ့အထိ အာရှလမ်းမကြီးအပါအဝင် ဒေါနတောင်ကို မထိုးဖောက်နိုင်တဲ့အပြင် KNLA ပူးပေါင်းစစ်ကြောင်းတွေရဲ့ ထိုးစစ်ကြောင့် ထိခိုက်သေဆုံးသူများပြီး အထိနာနေပါတယ်။
ဇူလိုင် ၈ ရက်က စစ်ကောင်စီစစ်ကြောင်းကို KNLA ပူးပေါင်းစစ်ကြောင်းတွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာ ထွက်ပြေးသွားခဲ့တာကြောင့် နယ်မြေတချို့ကို KNLA ပူးပေါင်းစစ်ကြောင်းတွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။
မြေပြင်ရှေ့တန်းသတင်းရင်းမြစ် “အခုကျနော်တို့ တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်။ စစ်ကောင် စီတပ်ဘက်က ခံစစ်ဖြစ်နေတယ်။ အခုကျနော်တို့က ထိုးစစ်ဖြစ်နေတဲ့အတွက် မနေ့တုန်းက ဖြစ်တဲ့ပွဲမှာ သူတို့ပြန်ပြေးတာတွေရှိတယ်။ သူတို့သိမ်းလိုက်တဲ့နေရာတဝိုက်ကို ကျနော်တို့ ပြန်ရထားတယ်။ ကော့ကရိတ်ကို ကျနော်တို့ လပိုင်းလောက်နဲ့ပြန်သိမ်းနိုင်အောင်လုပ်မယ်”လို့ ပြောပါတယ်။
ဧပြီ ၂၇ ရက်ကစတင်ပြီး ကော့ကရိတ်မြို့တွင်းကို စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ဖို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူခဲ့ပါတယ်။
ဒါ့အပြင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့ အာရှလမ်းမကြီးနဲ့ ဒေါနတောင်အနီးတဝိုက်က ကျေးရွာတွေကို စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ကင်းထောက်ပျံသန်းပြီး မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲတိုက်ခိုက်တာတွေ နေ့တိုင်းလိုလို လုပ်ဆောင်နေပါတယ်။
ဇူလိုင် ၇ ရက် နေ့လယ်က ကော့ကရိတ်မြို့၊ ရွာသစ်ရွာလေးက နေအိမ် ၁ လုံးပေါ် စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားတဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြန်လည်ဝင်ရောက်နေထိုင်ခဲ့တဲ့ မြို့ခံပြည်သူတွေဟာ စစ်ကောင်စီတပ်ဘက်က နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်နေတာကြောင့် မြို့တွင်းကနေ ပြန်လည်ထွက်ခွာပြီး စစ်ဘေးရှောင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ရှောင်ပြည်သူတဦးက “အစ်မတို့ ပြန်ပြောင်းလာရတယ်။ မနက် ၅ နာရီလောက်ကနေ ပစ်နေတာ။ ကလေးကျောင်းတွေမှာ ကျတာတို့ ဘာတို့ရှိတယ်။ အထက ၁ မှာကျတာ။ ဒါ့ကြောင့် မနက် ၇ နာရီကျော်ကျော်လောက်မှာ ပြန်ထွက်လာတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေက မြို့တွင်းမှာ တော်တော်များများ ရှိတယ်။ တပ်ကနေ ၄ ၅ ၆ လုံးတတွဲ အလိုကိုပစ်နေတာ။ ကြာတော့မခံနိုင်ဘူး။ မခံနိုင်လို ဒီဘက်ကိုပြေးလာတာ”လို့ ပြောပါတယ်။
ကော့ကရိတ်မြို့တွင်းကနေ ပြန်လည်ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ အလုပ်အကိုင်ရှားပါး တာကြောင့် နေထိုင်စားသောက်ရေးအပြင် နေထိုင်မကောင်းတာတွေကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။
မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ စားဝတ်နေရေးခက်ခဲမှုတွေ ကျန်းမာရေးဝန်ဆောင်မှုတွေကို နိုင်ငံတကာနဲ့ ကုလသမဂ္ဂက အရေးကြီးဆုံး အလုပ်တစ်ခုအနေနဲ့ ဖြေရှင်းပေးသင့်တယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
စစ်ဘေးရှောင်အရေးကူညီပေးနေသူတဦးက “မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ စားဝတ်နေရေးခက်ခဲမှုတွေ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ ဝင်ငွေအခွင့်အလမ်း၊ အလုပ်အကိုင် အခွင့်အလမ်း မရှိဘူး။ ရှားပါးတဲ့ ပြဿနာတွေကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ကိုလည်း နိုင်ငံတကာနဲ့ ကုလသမဂ္ဂတွေက မြန်မြန်ဆန်ဆန်နဲ့ အရေးပေါ်မဟုတ်ဘဲ အရေးကြီးဆုံး အလုပ်လုပ်အကိုင်တစ်ခုအနေနဲ့ ဖြေရှင်းသင့်တယ်လို့ မြင်တယ်”လို့ ပြောပါတယ်။
မေ ၂၈ ရက်က ကော့ကရိတ်မြို့ အမှတ် ၄ ရပ်ကွက်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်တဲ့ စစ်ရှောင်အမျိုးသမီး တဦး နေအိမ်ခြံ ဝန်းအတွင်း မိုင်းနင်းမိခဲ့တာကြောင့် ခြေထောက်ပြတ်ထွက် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဇင်ဘာ ၁ ရက်ကစတင်တဲ့ တိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ ၂၀ ကျော်ထိမှန် သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူတွေရဲ့နေအိမ် ၅၀၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ကာ နေအိမ် ၁၀၀ ကျော်ပျက်စီးခဲ့တဲ့အပြင် သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အောင်ခန့်