တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံရဲ့အများပြည်သူ ရုံးပိတ်ရက်အဖြစ် တရားဝင် သတ်မှတ်ကြောင်း ဇူလိုင် ၈ ရက်မှာ စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
တရုတ်နှစ်သစ်ကူးနေ့ကို ဒေသတွင်း တခြားအာဆီယံနိုင်ငံတွေနဲ့ တချို့သော ကမ္ဘာ့နိုင်ငံတွေလို အိမ်နီးချင်း မိတ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်နှီးမှုကို ပိုမိုခိုင်မာစေတဲ့အနေနဲ့ မြန်မာမိုင်ငံရဲ့ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်တာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံတကာမိသားစုဝင် နိုင်ငံတနိုင်ငံဖြစ်တာနဲ့အညီ နိုင်ငံအများစုမှာ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်တဲ့ ဇန်နဝါရ ၁ ရက်နေ့ နိုင်ငံတကာနှစ်သစ်ကူးနေ့ကိုလည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ပြက္ခဒိန်နှစ်တနှစ်ရဲ့ အများပြည်သူအလုပ်ပိတ်ရက်တွေအဖြစ် ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်တွေ၊ နိုင်ငံတော်ရဲ့ ထူးခြားသမိုင်းဝင် နေ့ရက်တွေ၊ မြန်မာနှစ်သစ်ကူးနေ့ရက်တွေ၊ ကရင်နှစ်သစ်ကူးနေ့ရက်တွေကိုလည်း နှစ်စဉ်ပြက္ခဒိန်နှစ်တနှစ်မစတင်မီ အစိုးရက ကြိုတင်ထုတ်ပြန်ပေးပြီး ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် အများပြည်သူအလုပ်ပိတ်ရက်တွေကို ထုတ်ပြန်ပြီးဖြစ်တယ်လို့ သိရပါတယ်။
အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး တရုတ်နိုင်ငံသွားပြီး ၃ ရက်အကြာမှာ တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့တာပါ။
တရုတ်နိုင်ငံ ရှန်တုန်းပြည်နယ် ချင်းတောင်မြို့ရှိ Qingdao International Conference Center မှာ ပြုလုပ်တဲ့ ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)ရဲ့ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်မှာ ဇူလိုင် ၈ ရက်က ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက “ရှမ်းမြောက်မှာဖြစ်နေတဲ့ကိစ္စတွေကို ကူညီပေးအောင် တရုတ်နှစ်သစ်ကူးနေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်တာ။ Happy New Year နေ့ လည်းပါတယ်။ ကိုယ်နိုင်ငံက ပြည်နယ်နေ့တွေတောင် အလုပ်ပိတ်ရက်အဖြစ် မသတ်မှတ်ဘူး အပေးအယူ တခုတော့ရှိမယ်"လို့ DVB ကိုပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေချိန် တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ပြုလုပ်တဲ့ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်ကို တက်ရောက်ဖို့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ အဖွဲ့က ဇူလိုင် ၆ ရက်က သွားခဲ့တာဖြစ်ပါတယ်။
တာဝန်ပြီးဆုံးလို့တရုတ်နိုင်ငံကိုပြန်ထွက်ခွာမယ့် သံအမတ်ကြီး ချန်းဟိုင်ဟာ ဇူလိုင် ၄ ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဇူလိုင် ၄ ရက်မှာ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ဇူလိုင် ၅ ရက်မှာတွေ့ ခဲ့တာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတိုက်ပွဲတွေကို ရပ်တန့်သွားအောင် တရုတ်က ကြားဝင်စေ့စပ်ညိုနှိုင်းပေးမဲ့ အဆင်ပြေမှုမရှိဘဲ လက်ရှိအခြေအနေအထိ တိုက်ပွဲတွေဖြစ်နေတာပါ။
မြန်မာနိုင်ငံနယ်ပယ်အသီးသီးက တရုတ်နှစ်သစ်ကူးနေ့ကို အလွန်အလေးထားကြကြောင်း၊ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံ တရုတ်နွယ်ဖွားလောကနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့ ရန်ကုန်မြို့မှာ အတူတကွကျင်းပတဲ့ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ဂုဏ်ပြုအခမ်းအနားအား တက်ရောက်ခဲ့ကြောင်းနဲ့ အဆိုပါအခမ်းအနားမှာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းက တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံ အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးဖို့ ကိစ္စ စစ်ခေါင်းဆောင်နဲ့ ဆွေးနွေးခဲ့တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။