စစ်ကောင်စီထိန်းချုပ်မှု လက်အောက်ကနေ လွတ်လာနေပြီဖြစ်တဲ့ ခေတ်သစ်ပိုးလမ်းမ (BRI) စီမံကိန်းတွေ အပါအဝင် တရုတ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ အာမခံမှုရှိဖို့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ တခုကို တရုတ်နိုင်ငံက ဖိအားပေးဆောင်ရွက်နေတာကြောင့် စစ်ခေါင်းဆောင်တွေရဲ့ တရုတ်ခရီးစဉ်တွေ ပေါ်ပေါက်လာတာလို့ တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့ နိုင်ငံရေး အသိုက်အဝန်းက သုံးသပ်ပါတယ်။
တရုတ်နိုင်ငံကူမင်းကနေစပြီး တရုတ်-မြန်မာနယ်စပ်ကနေတဆင့် မြန်မာနိုင်ငံအလယ်ပိုင်းကို ဖြတ်ကာ ရခိုင်ပြည်နယ်ကျောက်ဖြူမှာ ဂိတ်ဆုံးမယ့် တရုတ်နိုင်ငံရဲ့ အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ရှာမယ့် ခေတ်သစ်ပိုးလမ်းမ BRI စီမံကိန်းဟာ မြန်မာနိုင်ငံထဲက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ အများဆုံးရင်းနှီးမြှုပ်နှံမှုတခုဖြစ်ပြီး စီမံကိန်း ၄၀ နီးပါးရှိပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီစီမံကိန်းတွေဟာ ရပ်တန့်လုနီးဖြစ်ခဲ့ပေမဲ့ ရခိုင်ပြည်နယ်ထဲက အမ်း၊ ဂွ နဲ့ သံတွဲမြို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာလည်း BRI စီမံကိန်းရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ စီမံကိန်းအသစ်တွေကို စစ်ကောင်စီနဲ့ တရုတ်တို့က ထပ်မံပြီး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
လက်ရှိမှာတော့ အဲဒီစီမံကိန်းတွေဟာ စစ်ပွဲဧရိယာအတွင်းမှာ ကျရောက်နေပြီး တချို့နေရာတွေကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားလို့ ဒီစီမံကိန်းတွေရဲ့ ရေရှည်ရပ်တည်ရေးနဲ့ လုံခြုံရေးဟာ တရုတ်နိုင်ငံက သိမ်မွေ့စွာ ဖြေရှင်းရမယ့် အရေးကိစ္စ ဖြစ်တာကြောင့် အာဏာသိမ်းစစ်တပ်နဲ့ သူတို့ကျောထောက်နောက်ခံပေးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကို ဖိအားပေးပြီး တွေ့ဆုံဆွေးနွေးဖြေရှင်းမယ့် စားပွဲဝိုင်းတခု ပေါ်ပေါက်လာဖို့ တရုတ်ဘက်က ကြိုးစားနေတယ်လို့ မြန်မာနိုင်ငံရေးအသိုက်အဝန်းက ထင်မြင်ကြပါတယ်။
ဒါကြောင့်ပဲ သမ္မတဟောင်းဦးသိန်းစိန်နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ရဲ့ တရုတ်ခရီးစဉ်တွေဟာ ခေါင်းစဉ်တခုအောက်ကနေ ပေါ်ပေါက်လာခဲ့တာလို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)မှာ လက်မှတ်ရေးထိုးထားတဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ရဲ့ ဦးဆောင်နာယာက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
“မကြာခင်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ခရီးစဉ်လည်း ပေါ်ပေါက်လာနိုင်တယ်။ အာဏာသိမ်း သက်တမ်း မတိုးခင်မှာ ဆွေးနွေးမှုတွေ ရှိလာနိုင်တယ်။”
တရုတ်နိုင်ငံမှာကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို တက်ရောက်နေတဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ လက်ရှိတော်လှန်ရေးအပေါ် သက်ရောက်မှု မရှိနိုင်သလို သီးသန့် ခေါ်တွေ့တဲ့တွေ့ဆုံမှု မဟုတ်တာကြောင့် ဘာမှထူးခြားမှုရှိလာမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ တရုတ်နိုင်ငံခရီးစဉ်ဟာ ရွေးကောက်ပွဲ အောင်မြင်အောင်ကျင်းပနိုင်ရေးနဲ့ တိုင်းရင်းသားတွေ လိုချင်တဲ့ နိုင်ငံရေးလိုအပ်ချက်တွေကို စစ်တပ်ကလက်ခံပြီး မြန်မာနိုင်ငံထဲက စစ်ပွဲတွေရပ်တန့်ကာ ဆွေးနွေးဖြေရှင်းကြဖို့ ဖြစ်တယ်လို့ ခန့်မှန်းပြောဆိုတဲ့အပေါ် DVB က မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့ကို မေးမြန်းပေမဲ့ ခရီးစဉ်အကြောင်း အသေးစိတ်မသိရှိတာကြောင့် မှတ်ချက်ပေးဖို့ ငြင်းဆိုကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့မျှော်မှန်းချက်နဲ့ ဦးတည်ချက် ၆ ရပ်အတိုင်း ဆက်လက်ရပ်တည်နေပြီး မြန်မာနိုင်ငံအရေးကို ဖြေရှင်းဖို့ကူညီကြတဲ့အခါမှာ အာဏာသိမ်းစစ်တပ်ကို မြန်မာနိုင်ငံရဲ့အစိုးအရအဖြစ် အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောမျိုး မပေါက်ဖို့က အရေးကြီးတယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
မြောက်ပိုင်းတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်တဲ့ DVB သတင်းရင်းမြစ် တချို့ကတော့ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ ခရီးစဉ်အပြီးမှာ မြောက်ပိုင်းက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုရှိနိုင်တယ်လို့ ပြောဆိုပေမဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီက အတည်ပြုချက် မရရှိသေးပါဘူး။
ဒုစစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်ဟာ တိုက်ပွဲတွေကြောင့် ရပ်တန့်နေတဲ့ မြန်မာနိုင်ငံထဲ တရုတ်စီမံကိန်းတွေ အပါအဝင် တရုတ်-မြန်မာ ဆက်ဆံရေးပိုမိုခိုင်မာလာအောင် တွေ့ဆုံကြတာဖြစ်နိုင်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်လာခဲ့ရင်လည်း ထွက်လာတဲ့ ရလဒ်တွေအပေါ်မှာ ခရီးစဉ်ရဲ့အောင်မြင်မှုရှိမရှိသုံးသပ်လို့ရနိုင်မယ်လို့ သေနင်္ဂအင်စတီကျု အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။
တကမ္ဘာလုံးကိုချဲ့ထွင်မယ့် တရုတ်နိုင်ငံရဲ့ BRI စီမံကိန်းဟာ ကမ္ဘာနိုင်ငံပေါင်း ၇၀ ကျော် ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀၀ နီးပါးကုန်ကျနိုင်တယ်လို့ ခန့်မှန်း တွက်ချက်ထားသလို မြန်မာနိုင်ငံထဲမှာရှိနေတဲ့ စီမံကိန်းတွေဟာ တရုတ်နိုင်ငံရဲ့ အရေးပါဆုံးစီမံကိန်းတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲကစီမံကိန်းနယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာဟာ တရုတ်နိုင်ငံအတွက် အဟန့်အတားတခုဖြစ်နေတာကြောင့် ဒါတွေကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်ခေါင်းဆောင်ပိုင်းတွေကို ပိုမိုထိတွေ့ဆက်ဆံနေတာဖြစ်နိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်း တချို့ကသုံးသပ်ကြပါတယ်။
အောင်သူ