ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူသင့်ပြီဖြစ်ကြောင်း ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အသင်းရဲ့ ပွဲစဉ် ၅ ပွဲစလုံးမှာ ပွဲထွက်ကစားခဲ့သူပါ။ ပေါ်တူဂီအသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ ပြင်သစ်အသင်းကို ပင်နယ်တီအဆုံး အဖြတ်မှာ ရှုံးနိမ့်ပြီး ထွက်ခွါခဲ့ရတာပါ။
နိုင်ငံအသင်းမှာဆက်ကစားဖို့ ကိစ္စအပေါ် စီရော်နယ်ဒိုဘက်က ဆုံးဖြတ်ချက်မချရသေးပေမဲ့ ရွိုင်ကိန်း၊ ဂယ်ရီနဗီးလ်နဲ့ အီရန်ရိုက် တို့ကတော့ အနားယူသင့်ပြီဖြစ်ကြောင်း တညီတညွတ်တည်းသုံးသပ်ခဲ့ကြတာပါ။
စီရော်နယ်ဒိုဟာ ထိပ်တန်းအဆင့်မှာ ကစားနိုင်စွမ်း ကျဆင်းသွားခဲ့ပြီဖြစ်ပြီး ကန်သွင်းချက်တွေနဲ့ ခေါင်းတိုက်ချက်တွေ မကောင်းတော့သလို နောက်ခံလူတဦးကို တောင် ကျော်ဖြတ်နိုင်စွမ်း မရှိတော့ကြောင်း အီရန်ရိုက်ကပြောပါတယ်။
ရွိုင်ကိန်းကတော့ ရော်နယ်ဒိုအနေနဲ့ နိုင်ငံအသင်းမှာကစားနေတာကို ရပ်နားသင့်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာချိန်မှ အခြေအနေကို စောင့်ကြည့်သင့်ကြောင်းပြောသွားပါတယ်။
Photo-Reuters