Home
နိုင်ငံတကာ
ယူကရိန်း ကလေးဆေးရုံကို ရုရှားဒုံးကျည်တိုက်ခိုက်ခံရ ၃၆ ဦး သေဆုံး၊ လက်တုံ့ပြန်မည်ဟု ဇလန်းစကီး ပြော 
DVB
·
July 9, 2024
Photo -REUTERS

ရုရှားဟာ ဇူလိုင် ၈ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်မှာ ကိဗက်မြို့တော်ရှိ အဓိက ကလေးဆေးရုံကို ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး ယူကရိန်းအနှံ့အပြားရှိ တခြားမြို့တွေကိုလည်း ဗုံးမိုးရွာသလို တိုက်ခိုက်ခဲ့မှုတွေကြောင့် အနည်းဆုံး အရပ်သား ၃၆ ဦး သေဆုံးခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုဟာ လပေါင်းများစွာ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အသေအပျောက် အများဆုံးလည်းဖြစ်ပြီး ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညဘက်အထိ ဆက်လုပ်နေကြပါတယ်။

အဓိက ဒုံးကျည်တိုက်ခိုက်မှုနဲ့ နောက်ထပ် ၂ နာရီအကြာမှာ ထပ်မံတိုက်ခိုက်မှုကြောင့် ကလေး ၂ ယောက် အပါအဝင် အနည်းဆုံး လူ ၂၅ ယောက် သေဆုံးခဲ့ရတယ်လို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီး အီဟော်ရ်ကလီမန်ကိုက ပြောပါတယ်။

‌ဆေးရုံအပျက်အစီးတွေအောက်မှာ နောက်ထပ် ပိတ်မိနေတဲ့လူတွေ ရှိဦးမလား ဆိုတာကို ဇူလိုင် ၈ ရက် ညပိုင်းမှာ ကယ်ဆယ်ရေးလုပ်သားတွေ သိရှိလာလိမ့်မယ်လို့လည်း ကလီမန်ကိုက ပြောပါတယ်။

ကလေးများဆေးရုံကို လာရောက်ထိမှန်တဲ့ ဒုံးကျည်ဟာ Kh-101 ခရုဇ်ဒုံးကျည် ဖြစ်တယ်လို့ ယူကရိန်း လုံခြုံရေးတပ်ဖွဲ့တွေက သတ်မှတ်ပါတယ်။ ယူကရိန်းနိုင်ငံအတွင်း အကြီးဆုံးနဲ့ အကောင်းဆုံး အပြည့်စုံဆုံး တပ်ဆင်ထားတဲ့ ကလေးများဆေးရုံကြီးရဲ့ အဆောင်ယူနစ် ၅ ခု ပျက်စီးခဲ့ရပြီး ကလေးတွေကိုလည်း တခြားအဆောက်အအုံတွေဆီ ပြောင်းရွှေ့ထားကြောင်း ယူကရိန်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

အစိုးရဟာ စစ်ပွဲအတွင်း အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှုတခုအတွက် ဇူလိုင် ၉ ရက်ကို ဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာခဲ့ပြီး ဒါကြောင့် ယူကရိန်းအနေနဲ့ သူ့အနောက်မဟာမိတ်တွေဆီမှ လေကြောင်း ကာကွယ်ရေးကိုအဆင့်မြှင့်တင်ဖို့ လိုအပ်နေတာလို့ ပြောကြားခဲ့ပါတယ်။ 

ရုရှားဒုံးကျည်တိုက်ခိုက်ခံခဲ့ရတဲ့ ကလေးဆေးရုံကို ဇူလိုင် ၈ ရက်မှာပဲ နိုင်ငံခြားသံတမန်တွေလည်း ယူကရိန်းပြည်ထဲရေးဝန်ကြီးနဲ့အတူ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

ဒီတိုက်ခိုက်မှုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဇူလိုင် ၉ ရက်မှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက ပိုလန်သမ္မတ အန်ဒရေဒူဒါနဲ့ ဝန်ကြီးချုပ် ဒေါ်နယ် တပ်စ်ခ်တို့ကို ဇူလိုင် ၈ ရက်မှာ တွေ့ဆုံခဲ့ပြီး ပိုလန်နိုင်ငံနဲ့ လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ယူကရိန်းမပါဘဲ ယူကရိန်း ငြိမ်းချမ်းရေးကို ဘယ်သူမှ မဆုံးဖြတ်နိုင်ဘူးလို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်ခ်က လုံခြုံရေးစာချုပ်ကို လက်မှတ်ထိုးအပြီးမှာ ပြောပါတယ်။

NATO အဖွဲ့ဝင်ဖြစ်ရေး ယူကရိန်းရဲ့ ပြင်းပြတဲ့ဆန္ဒအတွက် ပိုလန်ရဲ့ ထောက်ခံချက်ကို ယူကရိန်းက အားကိုးနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ယူကရိန်းပြန်လည်ထူထောင်ရေး၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့မှာ ပိုလန်က ပါဝင်ဆောင်ရွက်ရေး ဆွေးနွေးမယ်လို့ ပိုလန်သမ္မတရုံးက ပြောပါတယ်။

ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်လို့ လူ ၃၆ ဦးထက်မနည်း သေဆုံးပြီး ကလေးဆေးရုံတရုံ ပျက်စီးသွားပြီးတဲ့နောက် ယူကရိန်းက လက်တုံ့ပြန်မယ်လို့ ပိုလန်မြို့တော် ဝါဆောမှာ ပိုလန်ဝန်ကြီးချုပ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ဇလန်းစကီးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွက် ယူကရိန်းဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေနဲ့ အစည်းအဝေးကို စမယ်လို့လည်း ဇလန်းစကီးက ပြောပါတယ်။

အမေရိကန်မြို့တော် ဝါရှင်တန်မှာ ဇူလိုင် ၉ ရက်မှာ စကျင်းပမယ့် NATO ထိပ်သီးအစည်းအဝေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ကြိုတင်ပြင်ဆင်နေချိန်မှာ ယူကရိန်း အစိုးရရဲ့ မဟာမိတ်တွေက ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ တောင်းဆိုခဲ့ပါတယ်။

၂၈ လကြာစစ်ပွဲကို အဆုံးသတ်ဖို့ ရုရှားနဲ့ ယူကရိန်းကြား ဖျန်ဖြေပေးတဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်ရဲ့ ပဏာမခြေလှမ်းကို ဇလန်းစကီးက ပယ်ချခဲ့ပြီး ဒီတာဝန်ကို တရုတ်၊ အမေရိကန်နဲ့ EU တို့လို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကသာ ဆောင်ရွက်နိုင်တယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်းဟာ လေကြောင်းကာကွယ်ရေးနဲ့ စွမ်းအင်ကဏ္ဍကို အခုသီတင်းပတ်အတွင်း လုပ်မယ့် NATO ထိပ်သီးအစည်းအဝေးအတွင်း အနောက်နိုင်ငံ မိတ်ဖက်တွေဆီက ခိုင်မာတဲ့ ခြေလှမ်းတွေကို စောင့်မျှော်နေတယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်းသမ္မတဟာ ပိုလန်နိုင်ငံဆီ အလည်အပတ်ခရီး ပြီးဆုံးပြီး နောက်တနေ့မှာ အမေရိကန်နိုင်ငံရဲ့ မြို့တော် ဝါရှင်တန်က မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO ရဲ့ ထိပ်သီးအစည်းအဝေးကို တက်ဖို့ ဝါရှင်တန်ကို လေယာဉ်နဲ့သွားဖို့ မျှော်လင့်ထားပါတယ်။

Source-Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013